ထိန်းသိမ်းထားတဲ့ မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှုတွေ ပြန်မပေးဖို့ ထိုင်းနိုင်ငံရေးသမား တိုက်တွန်း

ဧပြီ၊ ၁၈
 
ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ မြန်မာ ခရိုနီ သူဌေး တယောက်နဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကို အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က ပြန်လည်ရရှိဖို့ ညှိနှိုင်းတောင်းဆိုနေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အဲဒီကိစ္စကို လုံးဝ မလိုက်လျောဖို့ ထိုင်းရဲ့ လူသိများတဲ့ အတိုက်အခံ နိုင်ငံရေးသမား တဦးက တောင်းဆိုလိုက်ပါတယ်။
မြန်မာ ခရိုနီ လုပ်ငန်းရှင် တဦးဖြစ်တဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ဘန်ကောက်မှာ ဖမ်းဆီးခဲ့ချိန်တုန်းက သူ့ရဲ့ တိုက်ခန်းထဲမှာ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ဘန်ကောက်မှာ ဝယ်ယူ ပိုင်ဆိုင်ထားတဲ့ ကွန်ဒိုတိုက်ခန်း စာရွက်စာတမ်းတွေနဲ့ ဘဏ်စာရင်း စာအုပ်တွေ ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။ ထိုင်းရဲတွေက ဦးထွန်းမင်းလတ်ရဲ့ တိုက်ခန်းထဲမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ နာမည်နဲ့ ဝယ်ယူထားတဲ့ ကွန်ဒိုတိုက်ခန်း စာချုပ်၊ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်း စာအုပ်တွေကို သိမ်းဆည်း ရရှိခဲ့တာပါ။
အခုအခါမှာတော့ မင်းအောင်လှိုင်ဟာ ထိုင်းအစိုးရနဲ့ ချိတ်ဆက် ညှိနှိုင်းပြီး အဲဒီ ပိုင်ဆိုင်မှုတွေကို ပြန်လက်လွှဲယူဖို့ ကြိုးစားနေကြောင်း ထိုင်းသတင်းတွေက ဖော်ပြလာတဲ့နောက် Move Forward ပါတီရဲ့ နိုင်ငံရေးသမား၊ လွှတ်တော် အမတ်ဟောင်း နိုင်ရင်ဆီမန် ရုမ်းက အတိအလင်း ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဦးထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ စွဲချက်တင်ထားပြီး သူ့ရဲ့ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဆက်စပ် သက်သေခံ ပစ္စည်းတွေကိုလည်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားသင့်တယ်လို့ ရုမ်းက ထောက်ပြပါတယ်။ တကယ်လို့ မင်းအောင်လှိုင် တောင်းဆိုတာကို လိုက်လျောပြီး သက်သေအဖြစ် သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကို လက်လွှတ်ပေးလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍကို ပြင်ပနိုင်ငံ တခုက ဝင်ခြယ်လှယ် စွက်ဖက်တာကို လက်ခံလိုက်တဲ့ အဓိပ္ပါယ်နဲ့ အတူတူပဲလို့ ရုမ်းက ပြောပါတယ်။
သံသယ တရားခံ ဦးထွန်းမင်းလတ်နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကြား နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာကို အားလုံး သိထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဦးထွန်းမင်းလတ်ရဲ့ အမှုဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေ၊ ငွေကြေး ခဝါချမှုတွေနဲ့ ဆက်နွှယ်နိုင်တဲ့ အရေးကြီး အမှု တခုဖြစ်ပြီး အမှုနဲ့ ဆက်စပ်တဲ့ သက်သေခံ ပစ္စည်းတွေ၊ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ သိမ်းဆည်းခွင့်၊ ထိန်းသိမ်းခွင့် ရှိဖို့ လိုတယ်လို့လည်း ရုမ်းက ပြောကြားသွားပါတယ်။
ဦးထွန်းမင်းလတ်ပိုင် Allure Group ကုမ္ပဏီနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းအထက်လွှတ်တော် အမတ်တဦးကို ဆွန်ခရမ် ရေသဘင် ပွဲတော်အပြီးမှာ တရားရုံးတင် ကြားနာစစ်ဆေးဖို့ စီစဉ်ထားပေမယ့် ရွှေ့ဆိုင်းလိုက်တဲ့ ကိစ္စကို ရုမ်းက ဝေဖန်ရင်း မင်းအောင်လှိုင်က ပိုင်ဆိုင်မှုတွေ ပြန်လည် တောင်းယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကိစ္စကိုပါ တပါတည်း ထည့်သွင်း ကန့်ကွက်သွားတာ ဖြစ်ပါတယ်။
ဧပြီ ၁၇ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရုမ်းက မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ရဲ့ ကြမ်းတမ်း ရက်စက်မှုတွေနဲ့ ပတ်သက်လို့လည်း ထောက်ပြသွားပြီး မင်းအောင်လှိုင် တောင်းဆိုသမျှ လိုက်လျောခြင်းဟာ အကြမ်းဖက် ဖိနှိပ်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်သူတွေအပေါ် မစာနာရာ ကျလိမ့်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ထိုင်းမှာ လက်ရှိ အဖမ်းခံထားရတဲ့ လက်နက်ပွဲစား ခရိုနီ လုပ်ငန်းရှင် ဦးထွန်းမင်းလတ်ဟာ ထိုင်းအထက်လွှတ်တော်အမတ် အူပါကစ် ပါချာရီယန်ကွန်းနဲ့ လုပ်ငန်း ဆက်စပ်မှုတွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက် ကတည်းက မြန်မာ-ထိုင်း နယ်စပ်မှာ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတွေမှာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဦးထွန်းမင်းလတ် အဖမ်းခံရပြီး နောက်ပိုင်းမှာတော့ အူပါကစ်က သူဟာ ဦးထွန်းမင်းလတ်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနဲ့ ဆက်စပ်ပြီး သိကျွမ်းခဲ့ပေမယ့် ရင်းနှီးကျွမ်းဝင်မှု မရှိသလို ဦးထွန်းမင်းလတ်ရဲ့ ဥပဒေပြင်ပ လုပ်ငန်းတွေနဲ့လည်း အဆက်အစပ် လုံးဝ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သူဟာ အမှုနဲ့ ဆက်စပ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေး မေးမြန်းမှုတွေကို ခံခဲ့ရပေမယ့် ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ အူပါကစ် ကိုယ်တိုင်လည်း ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်မှု စွပ်စွဲချက်တွေကို ရင်ဆိုင်နေရပေမယ့် သူက ဘာအမှားမှ ကျူးလွန်မထားဘူးလို့ ငြင်းချက် ထုတ်ထားပါတယ်။