အမ်ဘာပေနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ဟာ လေးစားမှု မရှိဘူးလို့ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒို ပြော

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ရီးရဲလ်မက်ဒရစ်အသင်းဟာ လူငယ်ကြယ်ပွင့် အမ်ဘာပေနဲ့ ပတ်သက်လို့ ပီအက်စ်ဂျီအသင်းအပေါ် လေးစားမှုမရှိဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာတို့အကြားမှာ အပြောင်းအရွှေ့ဂယက်က ပြန်လည်ထွက်ပေါ်လာပြီး ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ချင်ကြောင်း အစောကတည်းက ပြောကြားထားတာပါ။

ပီအက်စ်ဂျီအသင်းနဲ့ တိုက်စစ်မှူးအမ်ဘာပေအကြားမှာ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဘက်က အချိန်ကာလတစ်ခုလောက်အထိ ကစားသမားအတွက် စောင့်စားရဖို့ ရှိနေပါတယ်။ 

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌပီရက်ဇ်ဟာ သူတို့ခေါ်ယူမယ့် ပီအက်စ်ဂျီကြယ်ပွင့်အတွက် လူသိရှင်ကြားပြောဆိုမှုတွေ ပြုလုပ်နေတာကြောင့် ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက အခုလို ဝေဖန်ခဲ့တာပါ။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ရင် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က သူတို့ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်လိုပြောဆိုနေခဲ့တာပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက “ဒီတပတ်ထဲမှာပဲ ရီးရဲလ်ကစားသမားတစ်ယောက်နဲ့ ရီးရဲလ်ဥက္ကဋ္ဌတို့ဟာ အမ်ဘာပေနဲ့ ပတ်သက်လို့ သူတို့ပိုင် ကစားသမားတစ်ယောက်လို ပြောဆိုနေကြတယ်။ ဒါဟာ လေးစားမှု သိပ်ကို ကင်းမဲ့တဲ့ လုပ်ရပ်ပါ။ သည်းခံနိုင်စရာတောင် မရှိဘူး”လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။