အိန္ဒြာကျော်ဇင် အမည်ပါတဲ့ T Shirtကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေ

၁၈၊ စက်တင်ဘာလ၊ ၂၀၂၁။

စက်တင်ဘာလ ၁၅ရက်နေ့ကနေ့ ၁၉ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဂျာမနီနိုင်ငံ Oldenburg International Film Festival (အိုဒင်ဘက်ဂ် အင်တာနက်ရှင်နယ် ဖင်လ် ဖက်စတေဗယ်) ရုပ်ရှင်ပွဲတော်မှာ ကမ္ဘာကျော်သရုပ်ဆောင်တွေဟာ အိန္ဒြာကျော်ဇင်ရဲ့ အမည်စာသားပါတဲ့ T Shirtတွေကို ဝတ်ဆင်ပြီးတော့ တက်ရောက်လာခဲ့ကြပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ What happened to the wolf ကိုပြသခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးစလုံးဟာ ရုပ်ရှင်ပွဲတော်ရဲ့ (Seymour Cassel Award for Outstanding Performance) သရုပ်ဆောင်ထူးချွန်ဆုတစ်ခုအတွက် ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ မြန်မာသရုပ်ဆောင် အိန္ဒြာကျော်ဇင် ပြန်လည်လွတ်မြောက်ရေးအတွက် အခုလို အနက်ရောင် T Shirtကို ဝတ်ဆင်ပြီးတော့ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ကြတာလို့ ပြည်ပသတင်းဌာနတွေက ဆိုပါတယ်။

What happened to the wolf ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ထားပြီး လွင်မိုးနဲ့ အောင်မြင့်မြတ်တို့ ပါဝင်ပါတယ်။ ရုပ်ရှင်ကားရဲ့ ဒါရိုက်တာကတော့ ဏကြီးဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ နှစ်ဦးစလုံးဟာ မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အုပ်စုက မြန်မာအနုပညာရှင်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ပါ အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ပြေတီဦးတို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါအပြင် သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကိုလည်း စစ်အုပ်စုက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားလို့ အနုပညာဇနီးမောင်နှံ ၂ ဦးစလုံး ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။