ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုတပ်တွေကို ဒေသခံ PDFတွေနဲ့ ကရင်နီလက်နက်ကိုင်တပ်တွေ ပူးပေါင်းခုခံ

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

ရှမ်း-ကယားနယ်စပ်ဒေသကို စစ်အုပ်စုတပ်တွေက ထိုးစစ်ဆင်လာလို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်အုပ်စုတပ်တွေကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့လို့ မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာပါတဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံနဲ့ ပင်လောင်းကြား ဩဂုတ် ၁၄ရက်က တိုက်ပွဲမှာ PDF ဘက်က ၂ဦး ဒဏ်ရာရခဲ့သလို စစ်အုပ်စုတပ်ဘက်က ထိခိုက်သေဆုံးသူတွေ များပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ် ၁၅ရက် မနက်ပိုင်းမှာလည်း ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာမှာ ပစ်ခတ်မှုတွေထပ်မံဖြစ်ပွားခဲ့လို့ စစ်အုပ်စုတပ်က ၅ဦးဒဏ်ရာရပြီးတော့ PDF ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

 

ဖယ်ခုံမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုနဲ့ သူ့ရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တပ်တွေကို ခုခံတိုက်ခိုက်ရာမှာ ဖယ်ခုံ၊ ဒီးမော့ဆိုနဲ့ မိုးဗြဲ PDF တပ်တွေ၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) တပ်တွေ ပူးပေါင်းခုခံခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကိုလည်း စစ်အုပ်စုတပ်တွေဘက်က စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာရှိနေပြီး ဒေသခံတွေကိုဖမ်းဆီးတာတွေ ရှိနေတယ်လို့KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ဩဂုတ် ၁၃ရက် ညပိုင်း တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်တွေဟာ ရိက္ခာလာသယ်ချိန် ၁၅နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် ၄ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ KNDFက ပြောပါတယ်။

ကရင်နီဒေသ တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်တာကြောင့် ပြည်သူလူထုတွေလုံခြုံရေး ဂရုစိုက်ဖို့နဲ့ ပြည်သူအချင်းချင်း ကူညီကြဖို့ KNDF က တိုက်တွန်းထားပါတယ်။