ယောဒေသ PDF အောက်မှာ မြို့နယ်အလိုက် တပ်ဖွဲ့ ၆ခု တိုးချဲ့ဖွဲ့စည်း

၁၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ခုကို တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဩဂုတ် ၁၀ရက်က ကြေညာခဲ့ပါတယ်။

YPDFကို ယောနယ်အတွင်းမှာ ရှိတဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ ကျောက်ထုနဲ့ လောင်းရှည် စတဲ့ဒေသက စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ ရောလူမျိုးအကျိုး အမှန်တကယ်လိုလားတဲ့သူတွေ စုပေါင်းပြီး ဇွန်လ ၃ရက်က ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အခုအခါမှာတော့ YPDF ရဲ့အောက်မှာ YPDF (ဂန့်ဂေါ)၊ YPDF(ထီးလင်း)၊ YPDF(ဆော)၊ YPDF(ကျောက်ထု)၊ YPDF(ကျော) နဲ့ YPDF( လောင်းရှည်) စတဲ့ မြို့နယ်အဆင့်ကို တိုးချဲ့ဖွဲ့စည်းမှာလို့ ဖော်ပြထားပါတယ်။

YPDF ဖွဲ့စည်းရတဲ့အဓိက ရည်ရွယ်ချက်တွေကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်ဆောင်ရွက်နိုင်ဖို့ အပါအဝင် အချက် ၄ချက်ရှိတယ်လို့ သိရပါတယ်။

ဒုတိယ အချက်က ယောဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများအပါအဝင် ပြည်သူများအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ CDM လုပ်ဆောင်နေတဲ့ ဌာနအဖွဲ့အစည်းအသီးသီးက ပြည်သူ့ဝန်ထမ်းတွေကို လူသတ်အကြမ်းဖက်စစ်တပ်ရန်မှ အပြည့်အ၀ ကာကွယ်ရန်ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဒေသတွေက ဒေသခံ PDF တွေနဲ့ ချိတ်ဆက်ကာ မဟာမိတ်အဖြစ် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း YPDFက ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း လူသတ်အကြမ်းဖက်တပ်များရဲ့ အုပ်ချုပ်မှုယန္တရား၊ ပျူစောထီးတွေနဲ့ သတင်းပေးဒလန်တွေကို NUG အစိုးရရဲ့ ကြားကာလအစီအမံတွေ အတိုင်း အရေးယူဆောင်ရွက်သွားဖို့ YPDFကို ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။