Idiots ဂီတအဖွဲ့က ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ ဒီနေ့ ဇွန် ၂၃ ရက်မနက်ပိုင်းမှာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond… ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း ၊ Rest In Power Brother” ဆိုပြီး Idiots အဖွဲ့ရဲ့ လူမှုကွန်ရက်မှာလည်း အဆိုတော်ရေမွန် ဆုံးပါကြောင်း ရေးသားထားပါတယ်။
အဆိုတော်ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး သူ့ရဲ့ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ချန်ခဲ့ဆိုတဲ့ သီချင်းတွေဟာ လူငယ်တွေအကြား အကြိုက်များဆုံး သီချင်းဖြစ်ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူခြင်းကို လက်မခံဘဲ အမြဲဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မကွယ်လွန်မီ ဇွန် ၁၉ ရက်နေ့က နိုင်ငံတဝန်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲရာမှာ ပါဝင်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။
ရေမွန်ရဲ့ ဂီတတီးဝိုင်း Idiots ဖေ့စ်ဘွတ်စာမျက်နှာကလည်း အနက်ရောင်ပရိုဖိုင်းပြောင်းလဲထားပြီး ရေမွန်သေဆုံးသွားကြောင်းနဲ့ ကောင်းမွန်ရာဘုံဘဝရောက်စေဖို့ ဆုတောင်းပေးထားတာတွေ့ရပါတယ်။