လေယဉ်ပျက်ကျရာမှာ ပါဝင်တဲ့ ဈေးကုန်းဆရာတော်ကျောင်းဝန်းအတွင်း စစ်တပ်နဲ့ရဲ လုံခြုံရေး တင်းကျပ်စွာချထား

ပျဉ်းမနားမြို့ ၊ ရွာကောက်ရပ်ကွက်၊ ပြည့်စုံလမ်းနဲ့ ကိုယ့်မင်းကိုယ့်ချင်းလမ်းအကြားက ဈေးကုန်းကျောင်းတိုက်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုတွေဖြစ်တဲ့ စစ်သားနဲ့ ရဲတွေ အင်အားအပြည့်ချထားပြီး အပြင်လူအဝင်အထွက်ကို တင်းကျပ်ထားတယ်လို့ ပျဉ်းမနားဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ပြင်ဦးလွင် ၊ အနီးစခန်း ၊ EPC ဝန်းထဲကို ပျက်ကျခဲ့တဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ Beechcraft 1900 အမျိုးအစား လူစီးလေယဉ်ငယ် ပျက်ကျခဲ့ပြီးမှာ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္ဒကဝိသာရ အပါအဝင် ၁၃ ဦး သေဆုံးခဲ့တာပါ။

DNA ရဲ့ အတည်ပြုချက်အရ မွန်းတည့် ၁၂ နာရီခန့်အထိ ဆရာတော်ကြီး ရုပ်အလောင်းကို ဈေးကုန်းကျောင်းတိုက်ကို ပြန်လည် ပင့်ဆောင်မလာသေးပေမယ့် ကျောင်းအတွင်းမှာတော့ စံကျောင်းတော်တွေ ၊ ဈာပန အခမ်းအနားအတွက် ပြင်ဆင်နေတာတွေကို ဂေါပက အဖွဲ့ဦးဆောင်ပြုလုပ်နေပြီလို့ သိရပါတယ်။

ဈာပန အခမ်းအနားအစီအစဉ်ကိုတော့ မသိရသေးပါဘူး ။ ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးဟာ သက်တော် (၈၀)ကျော်ရှိပြီး အစိုးရအဆက်ဆက် မင်းတွေ ကိုးကွယ်ခဲ့ကြသလို ဒီချုပ်အစိုးရလက်ထက်မှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ လာရောက် ဆက်ကပ်တာတွေ ရှိခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အာဏာသိမ်းတဲ့ နေ့မှာ ဈေးကုန်းကျောင်းကို လာရောက်ခဲ့တာ ရှိတယ်လို့ ဆရာတော်နဲ့ နီးစပ်တဲ့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ပြင်ဦးလွင် ၊ သုံးတောင်ကျေးရွာမှာ စာသင်တိုက် ပန္နက်ချဖို့အတွက် လေယဉ်နဲ့အသွားမှာ အနီးစခန်းလေဆိပ်ကို အဆင်း ပြင်ဦးလွင် သံမဏိစက်ရုံ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာမှာ လေယဉ်ပျက်ကျ သွားခဲ့တာပါ။