ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမယ်

မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက မတ်လ ၂၉ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူအမြောက်အများသေဆုံးခဲ့ပြီးနောက် ဗြိတိနိုင်ငံက အခုလို တောင်းဆိုလိုက်တာပါ။

ဒါ့ကြောင့်လုံခြုံရေးကောင်စီအဖွဲ့ ၁၅နိုင်ငံပါဝင်ဟာ မတ်လ ၃၁ရက်နေ့(မနက်ဖြန်)မှာ တံခါးပိတ်အစည်းအဝေး ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရနာ ဘာဂနာက လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေတွေကို ရှင်းလင်းတင်ပြသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲဒီအစည်းအဝေးအပြီးမှာ မြန်မာ့အရေး ကြေညာချက်အသစ်တစ်ခုကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူကြမလားဆိုတာကတော့ တိတိကျကျ မသိနိုင်ပါဘူး။ တစ်ညီတစ်ညွတ်တည်းသဘောတူညီဖို့ လိုအပ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှားလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အမျိုးသမီး ၊ ကလေးငယ်တွေ အပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီက မတ်လ ၁၀ရက်နေ့မှာ ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါတယ်။

REF – AFP
Photo – Global News

Delta News

Read Previous

မြန်မာ့စီးပွားရေး ၁၀ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

Read Next

မြန်မာအရေးအပေါ် ရုရှားအစိုးရဘယ်လိုရပ်တည်လဲ