မြန်မာ့စီးပွားရေး ၁၀ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သတိပေး

နိုင်ငံတွင်း မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အခုနှစ် မြန်မာစီ့းပွားရေး ၁၀ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်သပိတ်တွေ ၊ ဆန္ဒပြပွဲတွေနဲ့ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အခုနှစ် စီးပွားရေး ၁၀ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကမ္ဘာဘဏ်ကြေညာချက်မှာ ဖော်ပြထားတာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အခုထုတ်ပြန်ချက်က မြန်မာ့စီးပွားရေး ၅ ဒဿမ ၉ ရာခိုင်နှုန်းတိုးလာနိုင်တယ်ဆိုတဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက ခန့်မှန်းချက်နဲ့ ပြောင်းပြန်အနေအထား ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ ဆန္ဒပြပွဲတွေ ၊ အလုပ်သမားသပိတ်တွေအပြင် စစ်တပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ဘဏ်စနစ် ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အင်တာနက်ပြတ်တောက်မှု စတဲ့ အများပြည်သူဆိုင်ရာဝန်ဆောင်မှုတွေ အခက်ကြုံရတဲ့ ပြဿနာတွေကို ကြီးကြီးမားမားရင်ဆိုင်နေရပါတယ်လို့ ကမ္ဘာဘဏ်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ CDM ကမ်ပိန်းလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံအစိုးရပြန်မတက်လာသေးခင်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလုပ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ အာဏာသိမ်းစစ်အုပ်စုကလည်း ဆန္ဒပြပွဲတွေကို တားဆီးဖို့ နေ့စဉ်အင်တာနက်ဖြတ်တောက်တာတွေ ပုံမှန်ပြုလုပ်နေတာက စီးပွားရေးလည်ပတ်မှုကို ပိုပြီးယုတ်လျော့စေနေတယ်လို့ ကမ္ဘာဘဏ်က မှတ်ချက်ပြုခဲ့ပါတယ်။

Ref : Reuters