စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့သားသမီးတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

၁၁ ၊ မတ်လ ၊ ၂၀၂၁ ။

သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေကို အရေးယူပိတ်ဆို့ကြောင်း မတ်လ၁၀နေ့က ကြေညာလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သတိပေးနေချိန်မှာပဲ အခုလိုအရေးယူလိုက်တာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် အောင်ပြည့်စုံနဲ့ အသက်၃၉နှစ်အရွယ် ခင်သီရိသက်မွန်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီလုပ်ငန်း ၆ခုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။

အဲ့ဒီလုပ်ငန်းတွေကတော့ Yangon Gallery ၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေး ၊ A & M Mahar Company Ltd ၊Sky One ဆောက်လုပ်ရေးကုမ္ပဏီနဲ့ Everfit ကုမ္ပဏီတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ အခုလိုအရေးယူတာလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ လူပေါင်း ၁၇၀၀ ကျော် ဖမ်းဆီးခံရတာနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို နှိပ်စက်ညှင်းပန်းတာ ၊ လူပေါင်း ၅၃ဦးထက်မနည်းသေဆုံးတာ စတဲ့ဖြစ်ရပ်တွေကို ရှုတ်ချပြီး နောက်ထပ်အရေးယူဒဏ်ခတ်တာတွေ ပြုလုပ်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကန်ကလည်း သတိပေးခဲ့ပါတယ်။

Ref; UPI