မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆုံးသတ်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်တွေတောင်းဆိုလိုက်ပြီ

၁၀ ၊ မတ်လ ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာစစ်အာဏာရှင်အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် တောင်ကိုရီးယားလွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံသံရုံးရှေ့မှာ ဒီကနေ့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိတောင်ကိုရီးယားနိုင်ငံရဲ့အာဏာရ Democratic Party of Korea ပါတီကလွှတ်တော်အမတ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားပြုအဖွဲ့တွေဟာ ဒီကနေ့မနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့ ၊ မြန်မာသံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

“နှစ်ပေါင်း ၄၀ကျော်ကြာခဲ့ပြီဆိုပေမယ့် မြန်မာနိုင်ငံဟာ ၁၉၈၀ မေလက ဂွမ်ဂျူးမြို့ခံတွေ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအတိုင်း ခံစားနေရစဲပါပဲ။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျည်ဆံတွေဟာ လူတိုင်းဆီကို ထိမှန်နေတုန်းပါပဲ။”လို့ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။ ၁၉၈၀ခုနှစ်က ဂျွန်ဂျူးအရေးတော်ပုံဟာ တောင်ကိုရီးယားသမိုင်းမှာ စစ်အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီတိုက်ပွဲ အနိုင်ရခဲ့တဲ့ ကမ္ဘာသိမှတ်တမ်းတစ်ခု ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသူတွေဟာ လက်သုံးချောင်းထောင်ပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေက ပိုဆိုးလာနေပြီး မြန်မာနိုင်ငံကို ကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တောင်းဆိုနေတယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ Myanmar Worker Welfare Center in Korea ရဲ့ ဥက္ကဌ စိုးမိုးသူက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသန့်စင်ကို တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုခဲ့ပေမယ့် ဦးသန့်စင်က အကြောင်းမပြန်တာကြောင့် ဒီပွဲမှာ တောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့အတူ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေပူးပေါင်းဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲပြီးတဲ့နောက် တောင်ကိုရီးယားလွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဆီ အားထုတ်ကြိုးပမ်းမှုကို ထောက်ခံကြောင်း သတင်းစကားပါပေးဖို့ မြန်မာနိုင်ငံသံအမတ် ဦးသန့်စင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၀ နိုဝင်ဘာလရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်အနိုင်ရပြီးနောက် မဲမသာမှုရှိတယ်လို့စွပ်စွဲပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် တခြားအကြီးအကဲတွေကို စစ်တပ်က ဖမ်းဆီးထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာလည်း လက်ရှိမှာ ဘက်ပေါင်းစုံကနေ စစ်အာဏာရှင်ကိုတော်လှန်နေကြပေမယ့် လက်နက်ကိုင်ရဲတွေနဲ့ စစ်သားတွေရဲ့ လက်ချက်ကြောင့် လူပေါင်း ၅၀ထက်မနည်း အသက်ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။

Ref : Yonhap
Photo Credit : Yonhap