ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းခံထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးကောင်စီတောင်းဆို

၁၃ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုအခြေအနေနဲ့ ပတ်သတ်လို့ မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့တာပါ။

ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံအစိုးရကို ဖယ်ရှားပစ်တာ ၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ လုပ်ပိုင်ခွင့်တွေကို ရပ်ဆိုင်းပစ်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုရှုံချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းခံထားရသူတွေ ချက်ချင်းပြန်လွှတ်ပေးရေး ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူခဲ့ကြပါတယ်။

လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇နိုင်ငံစလုံး တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပေမယ့် တရုတ်နဲ့ ရုရှားကတော့ သူတို့အနေနဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ မပါဝင်ဘူးလို့ ပြောခဲ့ကြပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ကလည်း ဒီဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့စစ်တပ်အပါအဝင် တခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ အခွင့်အရေးတွေကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအရ အကာအကွယ်ပေးရေး ချက်ခြင်းလုပ်ဆောင်ဖို့နဲ့ အရပ်ဖက်လူမှုအဖွဲ့ဝင်တွေ ၊ သတင်းမီဒီယာတွေ အကြောက် တရားမဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ကိုလည်း သေချာစေဖို့ လူ့အခွင့်အရေးကောင်စီက အလေးနက် တိုက်တွန်းခဲ့ပါတယ်။

အင်တာနက်၊ ဆက်သွယ်ရေးလိုင်းတွေနဲ့ လူမှုကွန်ရက် သုံးစွဲမှုအပေါ် ပိတ်ပင်တားမြစ်တာတွေ ချက်ချင်း ဖြေလျော့ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ကပဲ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်၁၀ဦးနဲ့ ကုမ္ပဏီ၃ခုကို အရေးယူဒဏ်ခတ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုင်းဘိုင်ဒန်က ကြေညာခဲ့ပါတယ်။

Ref – ohchr.org
Photo Credit – icj