“ငသိုင်းချောင်းမြို့ဝင်ဂိတ်မှာက အယောင်ပြရဲတွေပဲရှိတာ။ ဒီလမ်းမကြီးဂိတ်က အရေးကြီးရင် အနီးဆုံး စစ်ကူပဲ” လို့ ဒေသခံကပြောပါတယ်။
၂၆၊မေ လ။
ဧရာတီတိုင်း ၊ ရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ အနောက်ဘက် ငသိုင်းချောင်းတံတားအဆင်း ဒေါင့် ကြီးကျေးရွာအဝင် ရွှေကျောင်း ပရိယတ္တိစာသင်တိုက် ဝန်းထဲက ရွှေဘုံသာ ၊ ငွေဘုံသာ စေတီတွေမှာ မေလ ၂၃ ရက်နေ့က စပြီး စစ်တပ်က လာရောက် တပ်စွဲထားပါတယ်။
“အင်အား ၂၀ လောက်နဲ့ လုံခြုံရေး ယူထားတဲ့ သဘောပဲ။ ၂၃ ရက်နေ့ ညပိုင်းလောက် စရောက်လာတာ။ ဘုန်းကြီးကျောင်း ဇရပ်နဲ့ ဘုရားရင်ပြင်မှာ နေရာချထားကြတာ တွေ့တယ်”လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။
ဒေါင့်ကြီးရွာအဝင် ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီ အင်အား ၁၅ ဦးနဲ့ ၂၀ ကြားမှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ထပ်တိုးအင်အားတွေလာရောက်မယ်ဆိုတဲ့သတင်းနဲ့ ဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးတွေတပ်ဆင်မယ်ဆိုတဲ့ သတင်းက အရပ်ထဲမှာ ပြန့်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါကြောင့်လည်း အနီးအနားက ဒေသခံတချို့က ကြိုတင်ရှောင်တိမ်းဖို့အတွက် ပြင်ဆင်နေကြတယ် ငသိုင်းချောင်းမြို့မှာ နေထိုင်သူက ပြောပါတယ်။
“ရွာသားတွေကိုတော့ အန္ဒရာယ်မပြုဘူး။ သီးသန့်နေကြတာ” လို့ ဒေါင့်ကြီးကျေးရွာသူ တဦးက ပြောပါတယ်။
စစ်တပ်က ကျေးရွာထဲကို ဆန်တွေ အိတ်လိုက် သယ်တာကိုတော့ စစ်ဆေးမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ရေနံသာဂိတ် အနောက်ဘက် ကျေးရွာတွေလည်း လူတဦးကို ဆန် ၆ ပြည်ပဲ သယ်ဆောင်ခွင့်ပေးတဲ့အထိ တင်းကျပ်လာမှာမျိုးကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်ဟာ ယခင်ကလည်း ငသိုင်းချောင်းတံတား အနောက်ဘက်ခြမ်းအဆင်းက ကျေးရွာတွေ မှာ တစ်ပတ်ခန့် အကြာ တပ်စွဲခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ မြောက်စမ်းကျေးရွာအနီးက အမတ ၃၄၄ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အခုလို အခြေအနေကနေ အထိုင်တပ်အနေနဲ့ စခန်းချလာတာမျိုး ရှိနိုင်တယ်လို့ ဒေသခံတွေက တွက်ဆနေကြပါတယ်။
“ငသိုင်းချောင်းမြို့ဝင်ဂိတ်မှာက အယောင်ပြရဲတွေပဲရှိတာ။ ဒီလမ်းမကြီးဂိတ်က အရေးကြီးရင် အနီးဆုံး စစ်ကူပဲ” လို့ ဒေသခံကပြောပါတယ်။ အခု စစ်တပ် ယာယီစခန်းချထားတဲ့ ဒေါင့်ကြီးရွာအဝင် ဘုန်း ကြီးကျောင်းနဲ့ ရေနံသာစစ်ဆေးရေးဂိတ်ဟာ ၅ မိုင်ခန့် ကွာဝေးပြီး ရေနံသာ စစ်ဆေးရေး ဂိတ်ကနေ အမတ ၃၄၄ ဟာ ၃ မိုင်ကျော်သာ ကွာဝေးပါတယ်။