လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံအနှံ့ မိုးများပြီး ကမ်းရိုးတန်းဒေသတွေ မိုးသက်လေပြင်းကျနိုင်

“ပုံမှန်ကတော့ ၂၄နာရီအတွင်း မိုးရေချိန်၂လက်မ ကနေ ၃လက်မလောက်ထိ ရွာရင်ဖြစ်စေ ၊၄-၅ ရက်ဆက်တိုက် ရွာလို့ မိုးရေချိန် ၈ လက်မ-၁၀ လက်မ လောက်ထိဖြစ်ရင် ဖြစ်စေ မြေပြိုနိုင်ပါတယ် ”

၂၆၊မေလ။

ဘင်္ဂလား ပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းကတဆင့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေဟာ ၉၀ ရာခိုင်နူန်းအထိရှိလာနေသလို မုတ်သုန်လေလည်း အားကောင်းတဲ့အဆင့်ကိုရောက်နေတာကြောင့် မြန်မာတနိုင်ငံလုံးနီးပါး မိုးများနိုင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။

မေလ ၂၆ ဒီနေ့က စပြီး ဇွန်လဆန်းပိုင်းအထိ မုတ်သုန်လေနဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ချေတွေကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးများပြီး လေကြမ်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ လေဖိအားနည်းရပ်ဝန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်းက ဆက်လက် စောင့်ကြည့်နေရမယ့် အဆင့်မှာပဲရှိနေပေမယ့် လက်ရှိမိုးလေဝသဖြစ်စဉ်တွေအရ မြန်မာတနိုင်ငံလုံး မိုးကြီးမှာဖြစ်တာကြောင့် ရေကြီး၊ ရေလျှံတာတွေ၊ ကမ်းပြိုတာတွေ၊ ငလျင်ဒဏ်သင့်ဒေသတွေမှာ မြေပြို၊ မြေကျွံကျတာတွေ စတဲ့ ကိစ္စတွေကို အထူးသတိထားဖို့လိုတယ်လို့ ဆိုပါတယ်။

NUG ရဲ့ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက တာဝန်ရှိသူတဦးကတော့ “ ပုံမှန်ကတော့ ၂၄နာရီအတွင်း မိုးရေချိန်၂လက်မ ကနေ ၃လက်မလောက်ထိ ရွာရင်ဖြစ်စေ ၊၄-၅ ရက်ဆက်တိုက် ရွာလို့ မိုးရေချိန် ၈ လက်မ-၁၀ လက်မ လောက်ထိဖြစ်ရင် ဖြစ်စေ မြေပြိုနိုင်ပါတယ် ”လို့ သတိပေးထားပါတယ်။

မုတ်သုန်လေအားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းတလျှောက်မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး မြေပြင်၊ ရေပြင် လေဟာ တနာရီကို ၃၅ မိုင်ဝန်းကျင်နဲ့ လှိုင်းအမြင့်ဟာ ၁၁ ပေထိ မြင့်နိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။