ကုမ္ပဏီတွေအနေနဲ့ ပြည်ပမှာ ထုတ်လုပ်ရေးလုပ်နေကြတာနဲ့ ပတ်သတ်လို့ သမ္မတထရမ့်က မကျေမနပ်ရှိနေတာဖြစ်ပြီး Apple ကုမ္ပဏီကတော့ အဓိက ပစ်မှတ်ဖြစ်လာပါတယ်။
၂၄ ၊ မေ
iPhones တွေကို အမေရိကန်နိုင်ငံမှာ မထုတ်လုပ်ဘူးဆိုရင် အကောက်ခွန်၂၅ရာခိုင်နှုန်း သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၃ရက်နေ့မှာ ပြောကြားလိုက်ပြီးနောက် Apple ကုမ္ပဏီ ရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
Apple ရဲ့ iPhones တွေကို အမေရိကန်မှာ ဒီဇိုင်းဆွဲထားတာ ဖြစ်ပေမယ့်လည်း ထုတ်လုပ်မှုအများစုကို တရုတ်နိုင်ငံမှာ ပြုလုပ်နေတာပါ ။ လက်ရှိမှာ တရုတ်ဟာ အမေရိကန်နဲ့ ခါးသီးတဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် Apple ဟာ ကုန်ပစ္စည်းထုတ်လုပ်မှုတွေကို အိန္ဒိယအပါအဝင် တခြားနိုင်ငံတွေကို ပြောင်းရွှေ့ဖို့ ကြေညာခဲ့ပေမယ့် ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သမ္မတထရမ့်က ပြောပါတယ်။
“Apple အနေနဲ့ အိန္ဒိယမှာ စက်ရုံဆောက်တာ ကျွန်တော်တို့ စိတ်မဝင်စားပါဘူး ၊ ကျွန်တော်တို့ကတော့ ဒီမှာ ဆောက်လုပ်တာကိုပဲ လိုချင်တယ် ၊ အမေရိကန်မှာပဲ သူတို့ရဲ့ ထုတ်လုပ်မှုကို မြှင့်တင်ရမယ်” လို့ Apple အမှုဆောင်အရာရှိချုပ် Tim Cook ကို ပြောခဲ့ကြောင်း သမ္မတထရမ့်က ဆိုပါတယ်။
Wedbush Securities အဖွဲ့ရဲ့ ခန့်မှန်းချက်အရ Apple ရဲ့ iPhone ထုတ်လုပ်မှု စုစုပေါင်း ၉၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံမှာ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ iPhone ထုတ်လုပ်မှုကို အမေရိကန်ဆီရွေ့ပြောင်းမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ Wedbush Securities အဖွဲ့ ရဲ့ လေ့လာသူ Dan Ives က မှတ်ချက်ပြုပါတယ်။
ဒီခြိမ်းခြောက်မှုဟာ တကယ်အကောင်အထည်ဖော်မယ့် ကုန်သွယ်ရေးမူဝါဒတစ်ခု ဖြစ်လာမယ်ဆိုရင် iPhones တွေ အရင်ထက် ဈေးကြီးလာနိုင်တယ်လို့လည်း Hargreaves Lansdown ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီရဲ့ လေ့လာသူ Susannah Streeter က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်နဲ့ တရုတ်တို့ဟာ အပြန်အလှန် အခွန်စည်းကြပ်မှုတိုးမြှင့်တာကို ရက် ၉၀ ဆိုင်းငံ့ထားဖို့ သဘောတူထားပြီး ဒါဟာ ကုန်သွယ်ရေးစစ်ပွဲ ယာယီအရှိန်သပ်ထားတာ ဖြစ်ပါတယ်။
Ref – AFP
#iphone #Apple #အမေရိကန် #ထရမ့်
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH