တိုက်ပွဲပြင်းထန်နေတဲ့ရေကြည်ငသိုင်းချောင်းဖက်ကရွာတွေမှာဆိုင်ကယ်လိုင်စင်စစ်ဆေးမူတင်းကြပ်ငွေကြေးတောင်းခံနေ

“ တကယ်က လိုင်စင်ချည်းပဲ စစ်တာတော့ မဟုတ်ဘူး သူတို့ငွေတောင်းလို့ရမှာမှန်သမျှ စစ်တာ။ သီတာကုန်းပြင် ရဲစခန်းက အဆိုးဆုံးပဲ။ ဖျားနေတဲ့သူကိုဆေးခန်းပို့ဖို့ ၃ ယောက်စီးလာတာကို ဖမ်းတာ ဆေးခန်းအရင်ပို့ပါရစေဆိုပြီး ရှိခိုးတောင်းပန်တာတောင် မရဘူး” လို့ ဖြစ်ရပ်ကို မျက်မြင် မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ဆိုပါတယ်။

၂၃၊မေ။

ရေကြည်နဲ့ ငသိုင်းချောင်းတိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေနားက ရွာတွေမှာ ဆိုင်ကယ်တွေကို ယာဉ်လိုင်စင်၊ လူလိုင်စင် စစ်ဆေးမှုတွေ တင်းကြပ်နေပြီး လိုင်စင်မရှိရင် အနည်းဆုံး ငွေကျပ် ၅ သောင်း ဒဏ်ငွေဆောင်နေရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ဇလွန်မြို့နယ်မှာ ရွာတွေထဲထိဆင်းပြီး လိုင်စင်စစ်ကာ ငွေကြေး တောင်းခံနေတယ်ဆိုတဲ့ သတင်းကို DNAကဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းကိုတွေ့ပြီး စစ်ရေးစိုးရိမ်နေရကာ စစ်ရှောင်တွေရှိနေတဲ့ သူတို့ဒေသဘက်တွေမှာပါ ဒီလိုစစ်ဆေးငွေတောင်းမှုတွေ ရှိနေပါတယ်လို့ သတင်းပေးလာကြတာ ဖြစ်ပါတယ်။

“တကယ်က လိုင်စင်ချည်းပဲ စစ်တာတော့ မဟုတ်ဘူး သူတို့ငွေတောင်းလို့ရမှာမှန်သမျှ စစ်တာ။ သီတာကုန်းပြင် ရဲစခန်းက အဆိုးဆုံးပဲ။ ဖျားနေတဲ့သူကိုဆေးခန်းပို့ဖို့ ၃ ယောက်စီးလာတာကို ဖမ်းတာ ဆေးခန်းအရင်ပို့ပါရစေဆိုပြီး ရှိခိုးတောင်းပန်တာတောင် မရဘူး”လို့ ဖြစ်ရပ်ကို မျက်မြင် မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ရေကြည်နဲ့ ငသိုင်းချောင်း မြို့တွေဟာ ကျုံပျော်ခရိုင်ထဲမှာ ပါရှိပေမယ့် ယာဉ်နဲ့ပတ်သက်တဲ့ လိုင်စင်တွေကို ဟင်္သာတမြို့ထိ သွားလုပ်ရလေ့ရှိပါတယ်။

လက်ရှိအချိန်မှာ သွားလာစရိတ်နဲ့ နေ့ချင်းမပြီးတာကြောင့် ရက်ချိန်းသွားရတာတွေ အပါအဝင် စရိတ်အမျိုးမျိုးကြောင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် တခုရဖို့ ငွေကျပ် ၂ သိန်းကျော်ကုန်ကျတယ်လို့ သိရပါတယ်။

ဒါအပြင် လက်ရှိ ပတ်စိတ်တိုက် စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့နေရာတွေဟာလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်လာကြသူတွေ အများစုရှိကြတဲ့ ရေနံ့သာ၊ ဂွေးတောက်ကွက်သစ်၊ သီတာကုန်းပြင်ရွာတွေ ဖြစ်ကြတယ်လို့ ရေကြည်မြို့ နယ်မြေကျွမ်းကျင်သူ တဦးက ရှင်းပြပါတယ်။

“အခုက ရွာတွေမှာရှိနေကြတဲ့သူတွေ အများစုက ငွေကြေးမတတ်မနိုင်ကြလို့ အဝေးကြီး မပြောင်းရွေ့နိုင်ပဲနဲ့ စစ်ပွဲလာလည်း ခံရုံပေါ့ဆိုတဲ့သူတွေ။ ဒီလူတွေဆီကနေ ဒီလိုတွေ မတရားလုပ်နေကြီး က ဗျာ”လို့  ဆိုပါတယ်။

ရေကြည်နဲ့ ငသိုင်းချောင်းမှာကတော့ ဒီလိုမျိုးတွေဖြစ်နေတာ ရက်အတော်ကြာနေပြီဖြစ်ပြီး ဒဏ်ငွေကျပ် ၅ သောင်းနဲ့အထက် ကောက်ခံနေသလို မပေးနိုင်ရင် ဆိုင်ကယ်သိမ်းတာမျိုးတွေ လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“မပေးနိုင်လို့မရဘူး။ ဆိုင်ကယ်ကောင်းရင် ဆိုင်ကယ်သိမ်းတယ်။ မကောင်းရင် လူဖမ်းမယ်လုပ်တော့ ရှာဖွေပေးကြရတာပေါ့။ ပြီးရင် ဆိုင်ကယ်မှာ ဈေးနူန်းကပ်တဲ့ဟာလေးနဲ့ အမှတ်အသားလေးလုပ်ပြီး ကပ်ပေးလိုက်တယ် အဲ့ဒါလည်း ၁ ရက်တည်းအတွက်ပဲ နေ့စွဲပါရေးပေးလိုက်တာ”လို့ ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသူက ပြောပါတယ်။

ရဲတွေက စစ်ဆေးလို့ ငွေတောင်းတော့မယ်ဆိုရင် အများအားဖြင့် ဖုန်းသိမ်းလိုက်ကာ အနီးဆုံး ရဲစခန်းကို မောင်းခိုင်းကြပြီး ရဲစခန်းရောက်မှ ငွေယူတာ ဆိုင်ကယ်မှာ အမှတ်အသားကပ်တာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ဒါအပြင်သူတို့အမှတ်အသားလုပ်ပေးလိုက်တာတွေကို ဓာတ်ပုံရိုက်ပြီး ဖြန့်တာတွေမလုပ်ဖို့နဲ့ အမှတ်အသားကိုမြင်ရင် ဘယ်သူ့ဆိုင်ကယ်ဆိုတာကို တန်းသိတယ်ဆိုပြီး ပြောဆိုတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လေးမျက်နှာမြို့နယ်နဲ့ ငသိုင်းချောင်းမြို့အကြား ကားလမ်းမပေါ်မှာ စစ်ရေးဂိတ် တခုကို မေလ ၁၅ ရက်နေ့က ထပ်မံချထားပြီး ကားတွေကို အဓိကထားစစ်ဆေးမှုတွေ ပြုလုပ်နေတာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ကအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူဖို့ဆိုပြီး နေပြည်တော်က အစည်းအဝေးတခုမှာပြောခဲ့တာ ရှိပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်းထဲက ဇလွန်၊ ဖျာပုံ၊ မြောင်းမြ စတဲ့နေရာတွေမှာလည်း စစ်ဆေးဖမ်းဆီးမှုတွေရှိနေပေမယ့် အများစုကတော့ ငွေတောင်းပြီး ပြန်လွှတ်လိုက်ကြတာဖြစ်ပါတယ်။