၁၀၊ မေ
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးနောက် စစ်ကောင်စီက သူတို့အပြည့်အဝ ထိမ်းချုပ်ထားတဲ့ ဧရာဝတီတိုင်းထဲက ဒေသတော်တော်များများမှာ စစ်မှုထမ်းအဖြစ် လူသစ်စုဆောင်းတာကို ပိုမို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေပါတယ်။
အရင်ကတော့ စစ်မှုထမ်းအပတ်စဥ်အလိုက် ဆင့်ခေါ်စာပို့ပြီး မဲနှိုက်ရွေးချယ်တာ၊ ဆေးစစ်တာတွေကို တဆင့်ချင်းလုပ်ခဲ့ရာကနေ လက်ရှိမှာတော့ နေအိမ်တွေထဲအထိ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် အတင်းစုဆောင်းတာတွေအထိ ရှိလာနေပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလက စလို့ စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ကျေးရွာတွေအထိ ဆင်းကာ စစ်မှုထမ်းလူသစ်စုဆောင်းတာတွေ ပိုလုပ်လာနေတယ်လို့ ပြောကြပါတယ်။
“ရှောင်တခင်ဝင်ပြီး စစ်မှုထမ်း မဲဖောက်ပြီးတော့ တလက်စတည်းခေါ်တာ၊ ပြီးရင် အိမ်တွေထဲမှာ တခါတည်းဝင်ဆွဲတာတွေလည်း တောက်လျှောက်တောက်လျှောက်” လို့ သာပေါင်းဒေသခံတဦးက DNA ကို ပြောပါတယ်။
ဧရာဝတီဒေသခံတွေကတော့ စစ်ကောင်စီတပ်အနေနဲ့ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲတွေမှာ အင်အားပြုန်းတီးမှုတွေရှိခဲ့တဲ့အပြင် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနေတာကြောင့် အခုလို စစ်မှုထမ်းခေါ်ယူတာ ပိုမိုလုပ်ဆောင်လာနေတာလို့ မှတ်ချက်ပြုကြပါတယ်။
အာရက္ခတပ်တော်(AA)က မနှစ် နှစ်ကုန်ခါနီးမှာ ဂွမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် အခုနှစ် အစောပိုင်းမှာတော့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲကဒေသတွေအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိလာနေပါတယ်။
ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်နဲ့ ပုသိမ်မြို့နယ်တွေထဲမှာ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
“ကျနော်တို့ဘက်မှာ လူစုလို့ မရတော့လို့ ကွင်းကောက်ဘက်မှာ လူတိုးခေါ်တာ၊ အရင်က တယောက်ခေါ်တဲ့နေရာမှာ အခုက လေး၊ ငါးယောက်လောက်အထိ ခေါ်ဖို့လုပ်နေတာ” လို့ ကညင်တိုင်းဘက်ကနေ ကွင်းကောက်ဘက်မှာ လာရောက်တိမ်းရှောင်နေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ စခန်းတခုကို AA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ပန်းတောကြီး၊ ကညင်တိုင်း စတဲ့ကျေးရွာအုပ်စုတွေထဲက ဒေသခံထောင်ချီ ကွင်းကောက်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာပါ။
အဲဒါကြောင့် စစ်ကောင်စီတပ်ဟာ အရင်က ကွင်းကောက်ဘက်မှာ ကျေးရွာအုပ်စုတခုကို လူတယောက်နှုန်းနဲ့ စစ်မှုထမ်းအဖြစ် စုဆောင်းခဲ့ရာကနေ လက်ရှိမှာတော့ ငါးယောက်လောက်အထိ ခေါ်ယူစုဆောင်းတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
“အရင်က ကျနော်တို့ဘက်မှာ ကျေးရွာအုပ်စုတခုကို နှစ်ယောက်နှုန်းနဲ့ ပေးရတယ်၊ ကညင်တိုင်း အုပ်စုမှာက ၁၇ ရွာရှိတော့ တရွာတယောက်နှုန်းနဲ့ ၁၇ ယောက်ထွက်ရတယ်၊ ပြီးရင် အဲထဲက မဲနှိုက်ပြီး နှစ်ယောက်ကို မြို့နယ် ပို့ရတယ်၊ အခုနောက်ပိုင်းတော့ တရွာကို နှစ်ယောက်ပေးရတယ်၊ အဲနှစ်ယောက်ကလည်း အပတ်စဥ်အလိုက် ကိုယ့်အပတ်စဥ်ရောက်လာရင် မဖြစ်မနေလိုက်ရမယ်လုပ်လာတယ်” လို့လည်း အထက်ပါ ကညင်တိုင်းဒေသခံ အမျိုးသားက ပြောပါတယ်။
ဒါပေမယ့် ပန်းတောကြီးဘက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ကညင်တိုင်းဘက်က ဒေသခံတွေလည်း တိမ်းရှောင်ကုန်ကြလို့ လက်ရှိမှာတော့ စစ်ကောင်စီတပ်က ကညင်တိုင်းဘက်မှာ စစ်မှုထမ်းလူသစ်စုဆောင်းတာ မလုပ်နိုင်ဘူးလို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် အပတ်စဥ်တခုကို သင်တန်းသားဦးရေ ငါးသောင်းနှုန်းနဲ့ ခေါ်ယူစုဆောင်းခဲ့ရာ လက်ရှိမှာတော့ အပတ်စဥ် ၁၂ အထိ ရှိလာနေပြီဖြစ်ပါတယ်။
ဧရာဝတီတိုင်းထဲက စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေကိုတော့ ကွင်းကောက်ရှိ အမှတ် ၅ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက ၅) မှာ အဓိက သင်တန်းပေးနေတာဖြစ်ပြီး အပတ်စဥ်တခုကို သင်တန်းသားဦးရေ လေးရာထက်မနည်းရှိနိုင်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းမီဒီယာတချို့ ဖော်ပြချက်တွေအရ သိရပါတယ်။
အခုလို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်ခံရသူတွေကို သင်တန်းတက်နေစဉ် အစောပိုင်းကာလတွေမှာ မိသားစုနဲ့ အဆက်သွယ်ဖြတ်ထားပြီး သင်တန်းဆင်း ခါနီးမှသာ ပြန်လည်ဆက်သွယ်ခိုင်းလေ့ရှိတယ်လို့လည်း စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေရဲ့ မိသားစုဝင်တချို့က DNA ကို ပြောထားဖူးပါတယ်။
တဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း အကြောင်းပြပြီး ငွေကြေးကောက်ခံတာတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဆိုကြပါတယ်။
ဖျာပုံမြို့နယ်ထဲက ဒေသခံတဦးကတော့ သူတို့ကျေးရွာတဝိုက်မှာ စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သူတဦးကို သုံးသောင်းခွဲနှုန်းနဲ့ ငွေကြေးကောက်ခံနေပြီး ငွေထည့်ဖို့ နောက်ကျသူတွေကိုလည်း စစ်မှုထမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။
“သုံးယောက်ရှိရင် သုံးယောက်စလုံး အကုန်ထည့်ရတယ်၊ အရင်က အုပ်ကြီးက သူများကိုကောက်ခိုင်းတယ်၊ အခုကျတော့ ပေါ်တင် သူကိုယ်တိုင်လိုက်ပြီး စစ်မှုထမ်းအလှူငွေလာထည့်ကြဖို့ အသံချဲ့စက်နဲ့အော်တောင်းတယ်၊ ဆင်းရဲသားအများစုက ထည့်စရာငွေမရှိဘူး၊ ငွေထည့်နောက်ကျသူတွေကိုစစ်မှုထမ်းလိုက်ရမယ်လို့ ခြိမ်းခြောက်တယ်၊ အုပ်ကြီးအမျိုးတွေကျငွေမထည့်ကြသူကများတယ်” လို့ ဖျာပုံဒေသခံ အသက် ၅၀ ကျော်အရွယ် အမျ်ုးသားတဦးက DNA ကို ပြောပါတယ်။
အလားတူပဲ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာသုံးရွာပါဝင်တဲ့ ဘိသလွန်ကျေးရွာအုပ်စုမှာလည်း စစ်မှုထမ်းအစားထိုးခေါ်ယူဖို့အတွက်ဆိုကာ တယောက်ကို သိန်းတရာနှုန်းနဲ့ နှစ်ယောက်စာအတွက် ငွေကျပ်သိန်းနှစ်ရာကို ရွာသုံးရွာက မျှခံကြဖို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက တောင်းခံနေကြတယ်လို့ သိရပါတယ်။
“စစ်မှုထမ်းလိုက်မှာလား၊ စစ်မှုထမ်းကြေးပေးမှာလား အဲလိုမေးတာ၊ ရွာသားတွေကတော့ ကြောက်တာပေါ့၊ စစ်မှုထမ်းတော့ မလိုက်ပါရစေနဲ့ပေါ့၊ သိန်းနှစ်ရာပြည့်အောင်လို့ ခွဲတမ်းချပြီးတော့ မုဆိုးမလည်းမထားဘူး၊ အဖွားကြီးလည်းမထားဘူး၊ အိုနာကျိုးကန်းလည်းမထားဘူး၊ အကုန်လုံးကို ဓားပြတိုက်နေသလိုတောင် တိုက်နေတာ” လို့ ဘိသလွန်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ စစ်မှုထမ်း စုဆောင်းရာမှာ ငွေကြေးမသမာမှုတွေရှိနေပြီး ပြည်သူတွေအနေနဲ့ အဲဒီလို မှားယွင်းတဲ့လုပ်ရပ်တွေကို အချိန်နဲ့တပြေးညီ တင်ပြကြဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
တဖက်မှာလည်း အခုလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြ ဖိနှိပ်မှုတွေကြောင့် ပြည်သူတချို့က မခံမရပ်နိုင်ဘဲ သတ်ဖြတ်မှု ကျူးလွန်သွားတဲ့အထိပါ တုံ့ပြန်မှုတွေ ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ ဟင်္သာတမြို့နယ် ၊ ဒူးယားတိုက်နယ်
ထဲက သနွံသနော့ကျေးရွာအုပ်စု မကျည်းကုန်းရွာမှာ စစ်မှုထမ်းဖို့ အတင်းလာခေါ်တဲ့ သနွံသနော့ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ကို လာခေါ်ခံရသူက ဓါးနဲ့ပြန်ခုတ်လို့ ဦးခေါင်းပြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။
အလားတူပဲ မေလ ၆ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေဟာ နေအိမ်မှာရှိနေစဥ် ဓားနဲ့ခုတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့သိရပြီး ဒေသခံတချို့ကတော့ စစ်မှုထမ်း လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး ဦးတင့်ဝေအပေါ် မကျေနပ်တာတွေရှိလို့ အခုလို ဓားနဲ့ လာခုတ်တာဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ပေါ်မှာတော့ ဧပြီလအတွင်းက စစ်မှုထမ်းဖို့ မဲပေါက်သူတွေကို အရင်လို ဆေးစစ်တာတောင်မလုပ်တော့ဘဲ အတင်းခေါ်ယူ စုဆောင်းတာမျိုး ရှိနေတယ်လို့ သိရပါတယ်။
“နဂိုလို ဆေးစစ်အောင်မှ မဟုတ်ဘူး အခုက ဆေးတောင်မစစ်ဘူး ခေါ်မယ်လို့ ပြောပါတယ်၊ လူလိုနေတဲ့အတွက် လူစားလည်း အထိုးမခံသလို ငွေပေးလို့လည်း မရဘူး ပြောပါတယ်” လို့ စစ်မှုထမ်းဖို့ စစ်ခေါ်ခံရသူတဦးရဲ့ မိသားစုဝင် ပုသိမ်မြို့ခံက ပြောပါတယ်။
ဒါပေမယ့် ပုသိမ်မြို့ပေါ်က ရပ်ကွက်အများစုမှာ စစ်မှုထမ်း အစားလိုက်ပေးတာတွေ အခုထိ ဆက်ရှိနေဆဲဖြစ်ပြီး တယောက်ကို သိန်း ခုနစ်ဆယ်ကနေ သိန်းတရာကြား စျေးပေါက်နေတယ်လို့လည်း ဆိုပါတယ်။
“စစ်ထဲ မဝင်ချင်ရင် ရဲထဲဝင်လို့လည်း ပြောတယ်၊ အခုမှ ကြားဖူးတာ၊ အဲဒီနှစ်ခုထဲ တခုရွေးလို့ရတယ်ဆိုလို့ ကျွန်တော်တောင် အံ့ဩနေတာ” လို့လည်း ပုသိမ်မြို့ခံက DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်းထဲက နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးသမားတချို့ကတော့ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်က စစ်မှုထမ်းခေါ်ယူတာကို အခုထက် ပိုမိုတင်းကြပ်လာနိုင်လို့ လူငယ်တွေအနေနဲ့ ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပြီလို့လည်း သတိပေးပြောဆိုမှုတွေရှိနေပါတယ်။
“ကျနော်တို့ဘက်မှာက ပြည်ပရောက်နေရင်တော့ ယာယီကင်းလွတ်ခွင့်ဆိုပြီးရတယ်၊ ပြည်တွင်းထဲမှာဆိုရင်တော့ သူ့မိသားစုကနေတဆင့် အတင်းပြန်ခေါ်ခိုင်းတယ်၊ ဘယ်သူမှတော့ မခေါ်ပေးကြဘူး၊ ကျနော်တို့လည်း ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် ရှောင်ဖို့စဥ်းစားနေရပြီ” လို့ အထက်ပါ ကညင်တိုင်းဒေသခံ အမျိုးသားက ပြောပါတယ်။