ပိုင်ဆိုင်မှုအားလုံးနီးပါး လှူဒါန်းမယ်လို့ ဘီလ်ဂိတ်ပြော ၊ ကမ္ဘာ့ကလေးငယ်တွေကို သတ်ပစ်သူအဖြစ် အီလွန်မက်ခ်ကို စွပ်စွဲ

ဘီလ်ဂိတ်ဟာ လာမယ့် ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ကမ္ဘာပေါ်က ပြည်သူတွေကို သူ့ရဲ့ ဖောင်ဒေးရှင်းကတဆင့် ဒေါ်လာဘီလီယံ ၂၀၀ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၁၀ ၊ မေလ

မိုက်ခရိုဆော့ဖ်ရဲ့ ပူးတွဲတည်ထောင်သူ အမေရိကန် သူဌေးကြီး ဘီလ်ဂိတ်ဟာ သူရဲ့ ပိုင်ဆိုင်မှု အားလုံးနီးပါးကို လှူဒါန်းသွားမှာဖြစ်တယ်လို့ မေလ ၈ ရက်နေ့က ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတကာအကူအညီတွေကို ဖြတ်တောက်နေချိန် ပရဟိတသူဌေး ဘီလ်ဂိတ်စ်ဘက်က အခုလို ထုတ်ပြောလာခဲ့တာပါ။

ဘီလ်ဂိတ်ဟာ လာမယ့် ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ကမ္ဘာပေါ်က ပြည်သူတွေကို သူ့ရဲ့ ဖောင်ဒေးရှင်းကတဆင့် ဒေါ်လာဘီလီယံ ၂၀၀ လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သူလှူဒါန်းတဲ့ ငွေကြေးတွေဟာ ပိုလီယိုနဲ့ ငှက်ဖျားရောဂါတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့်အပြင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သေဆုံးမှုကို ကြိုတင်ကာကွယ်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်လိမ့်လို့ ဘီလ်ဂိတ်က မျှော်လင့်နေပါတယ်။

ဒါ့အပြင် အသက် ၆၉ နှစ်အရွယ် ဘီလ်ဂိတ်ဟာ အရင်က စီစဉ်ထားတာထက်စောပြီး သူ့ရဲ့ ဖောင်ဒေးရှင်းကို ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပိတ်သိမ်းသွားမယ်လို့လည်း ပြောပါတယ်။

အနာဂတ်မှာ လုပ်မယ့် သူ့ရဲ့ အစီအစဉ်တွေအတွက် စိတ်လှုပ်ရှားနေတဲ့အပြင် ကမ္ဘာ့အချမ်းသာဆုံးနဲ့ လက်ရှိ သမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေးမှာပါနေတဲ့ အီလွန်မက်ခ်ကိုလည်း ဝေဖန်ခဲ့ပါတယ်။

အီလွန်မက်ခ်ဟာ အမေရိကန်အစိုးရရဲ့ ဘက်ဂျက်အကူအညီတွေကို အကြီးအကျယ်ဖြတ်တောက်ခဲ့ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ ကလေးတွေကို သတ်ဖြတ်ခဲ့သူဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီ ရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် ဆယ်စုနှစ်ချီ လုပ်ဆောင်ခဲ့တဲ့ သေဆုံးမှုလျှော့ချရေး တိုးတက်မှုတွေဟာ လာမယ့် လေးနှစ်ကနေ ခြောက်နှစ်အတွင်းမှာ ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့ ဘီလ်ဂိတ်က သတိပေးထားပါတယ်။

ပိုင်ဆိုင်တဲ့ ငွေကြေးတွေ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး “”လူတွေကို ကူညီဖို့အပြင် အသုံးချနိုင်တဲ့ အရင်းအမြစ်တွေကို ဆုပ်ကိုင်ထားဖို့ အရေးတကြီး ဖြေရှင်းရမဲ့ ပြဿနာတွေ အများကြီးရှိတယ်”လို့ ဘီလ်ဂိတ်က အသိပေးပါတယ်။

အဲဒီအတွက်ကြောင့် သူ့ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို မူလက စီစဉ်ထားတာထက် မြန်မြန်ဆန်ဆန် လူ့အဖွဲ့အစည်းကို ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဘီလ်ဂိတ်ဟာ ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်ကတည်းက သူ့ဇနီးဟောင်း မီလင်ဒါဂိတ်စ်နဲ့ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အခုလက်ရှိအထိ ဒေါ်လာ ၁၀၀ ဘီလီယံကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူဌေးကြီး ဝါးရင်း ဘတ်ဖတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Ref – Reuters