ရုရှားကို စစ်ရေးကူညီဖို့ အမြောက်ကျည်တွေ မြောက်ကိုရီးယား တိုးထုတ်မယ်

 

ခေါင်းဆောင်ကင်ဟာ သူ့ရဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးက အလုပ်သမားတွေကို ချီးကျူးထားပြီး မြောက်ကိုရီးယား စစ်တပ်အတွက် တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေ ကောင်းလာစေဖို့ ပိုမိုအဆင့်မြင့်တဲ့ စက်ယန္တရားတွေလည်း ထုတ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

၇၊ မေ

ရုရှားစစ်မြေပြင်မှာ စစ်ရေးဆိုင်ရာပစ္စည်းတွေနဲ့ လူအင်အား ကူညီပေးနေတဲ့ မြောက်ကိုရီးယားဟာ အခုအခါမှာ ရုရှားကို ကူညီဖို့အတွက် အမြောက်ကျည်တွေ ပိုမိုတိုးထုတ်ဖို့ ပြောလာခဲ့ပါပြီ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ မကြာသေးမီက နိုင်ငံရဲ့ လက်နက်ခဲယမ်း စက်ရုံတွေကို သွားရောက် လည်ပတ် စစ်ဆေးစဉ် အခုလို ပြောခဲ့တာပါ။

နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကတော့ မြောက်ကိုရီးယားရဲ့ လက်နက်ခဲယမ်းစက်ရုံတွေဟာ ကျည်ထုတ်လုပ်မှု နှစ်စဉ် စွမ်းဆောင်ရည် နှစ်ဆဖြစ်နေပေမဲ့ ကင်က ထပ်ပြီးတိုးထုတ်ဖို့ တိုက်တွန်းခဲ့တာလို့ ဒီကနေ့ မေလ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန်ကစလို့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် စစ်ရေးဆိုင်ရာ ကူညီမှုတွေ ပိုမိုရှိလာခဲ့တာပါ။

ခေါင်းဆောင်ကင်ဟာ သူ့ရဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးက အလုပ်သမားတွေကို ချီးကျူးထားပြီး မြောက်ကိုရီးယား စစ်တပ်အတွက် တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေ ကောင်းလာစေဖို့ ပိုမိုအဆင့်မြင့်တဲ့ စက်ယန္တရားတွေလည်း ထုတ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။ အလည်အပတ် ခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်းကျူးကျော်မှုကို ထောက်ခံအားပေးတာနဲ့ ပတ်သက်လို့တော့ ခေါင်းဆောင်ကင်က မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ပါဘူး။

မကြာသေးမီက တောင်ကိုရီးယား ထောက်လှမ်းရေးတွေရဲ့ အသိပေးချက်အရ မြောက်ကိုရီးယားဟာ ရုရှားကို စစ်သား ၁၅,၀၀၀ စေလွှတ်ခဲ့ပြီး ယူကရိန်းတပ်တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ၅,၀၀၀ နီးပါး သေဆုံးထိခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ဘက်က အမြောက်ကျည်တွေ တိုးထုတ်ဖို့ မပြောခင်ကတည်းက မြောက်ကိုရီးယားဟာ ရုရှားကို အမြောက်နည်းပညာစနစ်တွေ၊ ကျည်ဆံတွေ၊ ပဲထိန်းဒုံးကျည်တွေအပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားတာပါ။

ရုရှား-ယူကရိန်း စစ်ပွဲမှာ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်က လနဲ့ချီ ငြင်းဆန်ခဲ့ပေမဲ့ အခုနှစ် ကာ့ခ်ဒေသတွေကို ရုရှားဘက်က ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်ရေးစစ်သားတွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ဧပြီလက ဝန်ခံခဲ့ပါတယ်။

မော်စကိုဘက်ကလည်း ပြုံယမ်းရဲ့ ပါဝင်ပတ်သက်မှုကို အသိအမှတ်ပြုထားပြီး မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ထောက်ပံ့မှုအတွက် မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်းနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း မမေ့ဘူးလို့ ကတိပြုခဲ့ပါတယ်။

ရုရှားနိုင်ငံအတွက် မြောက်ကိုရီးယားရဲ့ စစ်ရေးထောက်ပံ့မှုကို တရားဝင်အသိအမှတ်ပြုမှုဟာ မော်စကိုနဲ့ ပြုံယမ်းအကြား ပိုမိုနက်ရှိုင်းတဲ့ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲစေပြီး နျူကလီးယားခြိမ်းခြောက်မှုကို တိုးမြှင့်နိုင်တဲ့အပြင် အပြန်အလှည်အကျိုးအမြတ်တွေ ရရှိရေးအတွက် ရည်ရွယ်နေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်နေတာဟာ ပဋိပက္ခအဆုံးသတ်ရေးအတွက် အနာဂတ် စေ့စပ်ညှိနှိုင်းမှုတွေမှာ အကျိုးကျေးဇူးတွေ ရရှိဖို့အရေး ရုရှားဘက်က ရပ်တည်နေတာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား‌ထောက်လှမ်းရေးအေဂျင်စီအပြင် လေ့လာသူတွေက ခန့်မှန်းနေကြတာပါ။