မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ကမ်းခြေတခု ဖြစ်တဲ့ ငပလီကမ်းခြေကို သွားနိုင်တဲ့ ရန်ကုန် -ငသိုင်းချောင်း-ဂွ-ငပလီ လမ်းမကြီးရဲ့ ဂိတ်ဆုံးဟာ ဧရာဝတီတိုင်းက ငသိုင်းချောင်းမြို့ ဖြစ်သွားပါပြီ ။
၄၊မေ
အာရက္ခတပ်တော်က ၂၀၂၄ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ဂွမြို့ကို သိမ်းပိုက်ပြီးချိန်ကတည်းက စစ် တပ်က ငသိုင်းချောင်းမြို့အထွက် ရေနံသာဂိတ်ကို ကားသွားလာခွင့် ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ပုသိမ်-မုံရွာလမ်းကတော့ ဖြတ်သွားချင် သွားလို့ ရတယ် ။ ဒါပေမယ့် အစစ်အဆေး တင်းကြပ်တယ်။ရေနံသာဂိတ်က စစ်ဆေးပြီး သူတို့ကျေနပ်ရင်လွှတ် တယ် ၊ မကျေနပ်ရင် ပေးမဖြတ်ဘူးလို့” ငသိုင်းချောင်းမြို့ခံက DNA ကိုပြောပါတယ်။
ငသိုင်းချောင်းမြို့ အထွက် ရေနံသာလမ်းဆုံမှာ ပုသိမ်-မုံရွာလမ်းနဲ့ ရန်ကုန်-ငသိုင်းချောင်း-ဂွ ဆိုပြီး လမ်းခွဲသွားတာပါ။ စစ်တပ်က ရခိုင်ပြည်နယ် ဝင် ပေါက်ဖြစ်တဲ့ ဂွလမ်းကို လုံးဝ ပိတ်ထားပြီး ပုသိမ်-မုံရွာလမ်းကိုတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးကာ လမ်းမဘေး ကျေးရွာတွေက ဒေသခံတွေကိုတော့ ခရီးသွားခွင့် ပေးထားတယ်လို့ ဆိုပါတယ်။
“ခရီးသည်တင်ကားတွေကတော့ မသွားကြတော့ဘူး၊ရေနံသာဂိတ်အထိပဲ ရောက်တယ်။ဟိုဘက် ဆက်သွားချင်ရင် ဆိုင်ကယ် ကယ်ရီနဲ့ ဆက်သွားကြတာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာ နေရပ်ပြန်ကြသူတချို့လည်း အဲဒီပုံစံအတိုင်း ရေ ကြည်နဲ့ လေးမျက်နှာမြို့နယ်ထဲမှာ ရှိတဲ့ သက်ဆိုင် ရာ ကျေးရွာတွေဆီ ပြန်ခဲ့ကြရတယ်လို့ ပြောပါတယ်။ဒါပေမယ့် သင်္ကြန်အပြီး ကာလကတည်းက ရေနံသာဂိတ်ကနေ ၁၀ မိုင်ခန့်အခွာ ပုသိမ်-မုံရွာ ကားလမ်းမပေါ်က စက်စက်ယိုကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ခရီးသွားတွေ မရှိသလောက် ဖြစ်သွားပြီလို့ သိရပါတယ်။
ရေနံသာ လမ်းဆုံကနေ ဂွဘက် အထွက်လမ်းကိုတော့ စစ်တပ်က ပိုပြီး တင်းတင်းကြပ်ကြပ် ပိတ် ထားပါတယ် ။ ရေနံသာလမ်းဆုံကနေရခိုင်ပြည် နယ် ဂွဘက်ကို ဆက်သွားလို့ သီတာကုန်းမြင်အလွန် မြောက်စမ်းကျေးရွာ အနီးမှာအမြောက်တပ် ၃၄၄ ရှိနေပြီး စစ်တပ်ဂိတ် တခု ထပ်မံရှိနေပါတယ်။
“သစ်ထုတ်၊ဝါးထုတ် ကားတွေကို အမြှောက်တပ်က ပိုက်ဆံယူပြီး ၊ မနက်သွား ညပြန် သစ်ဝါးခိုးထုတ် တာကို ခွင့်ပြုပေးနေတာ ရှိတယ်”လို့ သီတာကုန်းမြင်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
နေရပ်ပြန်တို့ အခက်အခဲ
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်နယ် တောင်ဘက်စွန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဧရာဝတီ တိုင်းဘက်ကို စစ်ရှောင်လာကြသူတွေဟာ အခုထိ ရခိုင်ပြည်နယ်ဘက် ပြန်ဝင်ဖို့ အခက်အခဲတွေ ရှိနေဆဲပါ။
“ဂွဘက်ကတော့ နေရပ်ပြန်ချင်တဲ့သူတွေ ပြန်လာလို့ ရပြီပြောတယ် ဆိုပေမယ့် တပ်ဘက်ကလမ်း ပိတ်ထားတော့ ပြန်လို့ မရကြဘူး ဖြစ်နေတယ်”လို့ ငသိုင်းချောင်းမှာ နေထိုင်သူ တဦးက ရှင်းပြပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ် တောင်ဘက်စွန်းက ဂွမြို့ကို သိမ်းပြီး ဆက်တိုက်ဆိုသလို ဧရာဝတီတိုင်းအတွင်းက ကျောက်ချွန်၊ဘောမိ၊မကျီးဇင်ကျေးရွာတွေဘက်ကို ထိုးစစ်ဆင်ခဲ့သလို ရေကြည်မြို့နယ်ထဲက ဘောဓိနဲ့ ဗေဒါစစ်ဆေးရေး ဂိတ်ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် တလကျော်အတွင်းမှာ ဧရာဝတီ တိုင်းအတွင်းက သာပေါင်း၊ရေကြည်၊လေးမျက်နှာ မြို့နယ်တွေဟာ ရှေ့တန်း စစ်မျက်နှာပြင် ဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် ဧရာဝတီထဲကို ရောက်နေတဲ့ ဂွမြို့နယ်ထဲက စစ်ရှောင်တွေဟာ နေရပ်ပြန်ဖို့ အခက်အခဲတွေ ရှိနေပြန်ပါတယ်။
“တောလမ်းကနေ ဆိုင်ကယ် ကယ်ရီနဲ့ သွားလို့ရတဲ့ လမ်းကြောင်းရှိတယ်။ဒါပေမယ့် တယောက်ကို ကယ်ရီကြေးက ငါးသိန်းဆိုတော့ မဖြစ်မနေ ပြန်ရမယ့် သူလောက်ပဲ ပြန်ကြတယ်လို့” သီတာကုန်းမြင်မှာ နေထိုင်သူတဦးက ပြောပါတယ်။
လေးမျက်နှာမြို့နယ် စက်စက်ယို ကျေးရွာအနီးမှာ နေထိုင်သူ တဦးကတော့ သူတို့ရွာကနေ ရခိုင်ပြည် နယ်ထဲကို ပြန်သွားတဲ့ စစ်ရှောင်မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တာ တလလောက်ရှိနေလို့ စိတ်ပူနေရတယ်လို့ DNA ကိုပြောပါတယ်။
“ရခိုင်မှာ စစ်တွေ စဖြစ်ကတည်းက ကျွန်တော့် ကောင်မလေး မိသားစုကို ခေါ်ထားတာ ။ အခု ဂွမှာ ပြန်နေလို့ရပြီဆိုပြီး ပြန်သွားတာ ၅ ရက်နေ့ဆို တလပြည့်ပြီ အခုသတင်းကြားတာက လဲခုန်ကြီး( လေးမျက်နှာ နှင့် ရခိုင်ပြည်နယ် အစပ်၊ ရိုးမတောင်ခြေက ကျေးရွာ)မှာပဲ ရှိသေးတယ်လို့ ကြားတယ်”လို့ အသက် ၃၀ အရွယ် ကိုမင်း( အမည်လွှဲက ) ပြောပါတယ်။
အခုလို ရေကြည် နဲ့ လေးမျက်နှာ မြို့နယ်ထဲက အချိတ်အဆက်ရှိရာ ကျေးရွာတွေမှာ စစ်ရှောင်နေတဲ့ ရခိုင်ပြည်နယ်သားတွေကို အာရက္ခတပ်တော် အစီအစဉ်နဲ့ တောလမ်းကနေ အိမ်ပြန်နိုင်ဖို့ စီစဉ် ပေးတာ မျိုးလည်း ရှိနေပါတယ်။ ဒါပေမယ့် လုံခြုံ ရေးအရ ခရီးစဉ် စတင်ကတည်းက ပါလာတဲ့ ဖုန်းတွေကို အာရက္ခ တပ်တော်ဘက်က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
“ဘယ်လို ဆက်သွယ်ရမှန်းလည်း မသိ။အဲဘက်မှာတော့ သူတို့ သွားပြီး သိပ်ကြာဘူး ပစ်သံတွေ ကြားရတော့ လမ်းခရီး မငြိမ်းချမ်းလို့ ထင်တယ်”လို့ ကိုမင်း ကမှတ်ချက်ပေးပါတယ်။
ခရီးလမ်းလုံခြုံမှု
ရန်ကုန်တိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဧရာဝတီ တိုင်းဟာ မြို့ပြက မွန်းကျပ်မှုတွေကို လာရောက် အပန်းဖြေဖို့ ဆွဲဆောင်နိုင်တဲ့ ကမ်းခြေတွေနဲ့ ခရီးသွားလုပ်ငန်း အားကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာ မသိမ်းမီက အတား အဆီး မရှိ ဥဒဟို သွားလာခဲ့တဲ့ ရန်ကုန်-ပုသိမ် ကားလမ်းမကြီးမှာလည်း အစစ်အဆေး အတားအဆီးတွေကြောင့် ခရီးသွားတွေအဖို စိတ်မလုံခြုံစရာ အခြေအနေ ရှိနေပါတယ်။
“ညနေပိုင်းဆို ရူးကြောင်မူးကြောင်တွေ ။ ပန်တိုင်ဂိတ် နဲ့ X Ray ဂိတ်မှာ ကားတွေ ပိတ်ကုန်တာ။တကယ်တော့ စစ်တာမဟုတ်ဘူး။ ပိုက်ဆံတောင်းနေလို့ ကားတွေက ရပ်ပြီး ပိတ်ကုန်တာ”လို့ ရန်ကုန်ကနေ ကိုယ်ပိုင်ကားနဲ့ ပြန်လာတဲ့ ပုသိမ်မြို့ခံတဦးက DNA ကိုပြောပါတယ်။ အဲဒီဂိတ်တွေမှာ လိုင်း ကားတွေပေါ်က ခရီးသွားတွေ လမ်းဆင်းလျှောက်ရတာ ၊ မှတ်ပုံတင်စစ်တာ စသဖြင့် စစ်ဆေးတင်းကြပ်တာတွေကြောင့် လမ်းခရီးက ပုံမှန်ထက် ကြန့်ကြာ ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နေ့လည်ကလည်း ငသိုင်းချောင်းမြို့ပေါ် ရွှေဝါဖူးကားဂိတ်မှာ ရန်ကုန်က ဝင်လာတဲ့ ကားပေါ်က လူငယ်သုံးဦးကို စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတဦး ဦးဆောင်တဲ့ အဖွဲ့က ကားပေါ်က ဆင်းဆင်းချင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ ကားဂိတ်အနီး နေထိုင်သူ မျက်မြင်တွေက ပြောပါတယ်။
“လက်နောက်ပြန် ကြိုးတုပ်ပြီး မျက်နှာကိုပါ အဝတ်တွေစွပ်ပြီး ဖမ်းသွားတာ”လို့ ဆိုပါတယ်။ ဒီနေ့အထိ အဆိုပါ လူငယ်တွေကို ဘယ်ကလာပြီး ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ တိတိကျကျမသိရသေးပေမယ့် စစ်တပ်ကတော့ တပ်ပြေးတွေမို့လို့ ဖမ်းတယ်ဆိုပြီး မြို့ပေါ်မှာ သတင်းလွှင့်ထားပါတယ်။
လမ်းခရီးမှာ ပျောက်ဆုံးမှု
ပဲခူးတိုင်း ၊ ပြည်မြို့နယ်၊မြောက်နဝင်း ရွာသစ်ကြီး (ခ) ကံကလေး ကျေးရွာက ကျောင်းထိုင်ဘုန်းကြီးနှစ်ပါးဟာ ဧရာဝတီတိုင်းထဲက ဝါးခယ်မမြို့ကို ခရီးထွက်လာရာကနေ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အဆက်အသွယ်မရ ဖြစ်နေပါတယ်။ သက်တော် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ကံကလေး ကျေးရွာ လင်းရောင်ခြည်ကျောင်းတိုက်ဆရာတော် ဦးဥာဏဝရ နဲ့ သက်တော် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ ဖွတ်ဥကိုင်း ကစ္ဆာသရိယကျောင်းတိုက် ဆရာတော် ဦးပညာလာဘတို့ ဟာ ပဲခူးတိုင်း ဥသျှစ်ပင်ကနေတဆင့် ပုသိမ်-မုံရွာလမ်းအတိုင်း ကားမောင်းသွားရင်း ယနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ တပည့်ဒကာတွေက လူမှု့ကွန်ရက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ဥသျှစ်ပင်ကနေ ဧရာဝတီတိုင်း ကြံခင်း-မြန်အောင် ကတဆင့် အင်္ဂပူမြို့နယ်နဲ့ လေးမျက်နှာ မြို့နယ် တွေ အတွင်းမှာ အခုလို အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတာလို့ ယူဆကြပါတယ်။
ဧရာဝတီတိုင်းက အခြားဒေသတွေလိုမျိုး စစ်နဲ့ စစ်ရှောင်တွေ အပါအဝင် နယ်မြေအခြေအနေကို သတင်းထုတ်ပြန်တာမျိုး အားနည်းတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ဒေသခံတွေ အတွက် နယ်မြေနဲ့ နီးစပ်တဲ့ သတင်းအချက်အ လက်တွေ ရရှိနေပေမယ့် တိုင်းပြင်ပက ခရီးသွားတွေဖို့ သတိထားပြီး သွားလာနိုင်ဖို့ သတင်းအချက် တွေ လိုအပ်နေတာပါ။
“ တကယ်တော့ ကျွန်တော်တို့လည်း သတင်းတွေ ထုတ်ပေးနေဖို့ လိုအပ်နေတယ်ဆိုတာကို သိပါတယ် ။ ဒါပေမယ့် တာဝန်အရ ယူရတဲ့ အပိုင်းလိုက်တွေ မတူတဲ့အခါမှာ ဝင်လုပ်ရတာ ခက်ခဲတာပေါ့။ပြီးတော့ စစ်ရေး ဖြစ်နေတော့ ပိုဆိုးတယ်။ သွားကြလာကြမယ့် သူတွေ အနေနဲ့ သတင်းတွေ ဖတ်ဖို့ စဉ်းစားချင့်ချိန်ကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ အမည်မဖေါ်လိုတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကတော့ AYA PDF ၊ အမှတ် ၂၉ ဗျူဟာကလည်း အင်္ဂပူမြို့နယ် ၊ လေးမျက်နှာ မြို့နယ် နဲ့ ရေကြည်မြို့နယ် ထဲက ပုသိမ်-မုံရွာ ကားလမ်းမ အခြေအနေနဲ့ ပတ်သက်ပြီး ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က ပုသိမ်-မုံရွာ ကားလမ်းမပေါ်မှာ ပြည်သူ လူထုနဲ့ ပြည်သူပိုင်ယဉ်တွေကို ဖမ်းဆီးတာ ၊ ပေါ်တာဆွဲတာ ၊ ငွေကြေးအဆမတန် တောင်းခံတာတွေ ပြုလုပ်နေတဲ့အတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်ဖို့ အထူးသတိပြု ဆင်ခြင်သွားလာကြဖို့ ရေးသားထားပါတယ်။