“ပန်းတောကြီးဘက်မှာက သူတို့(စစ်တပ်)ခေါ်ဖို့ လူလည်းမရှိတော့ဘူး၊ အကုန်လုံးက အိုးမရှိ အိမ်မရှိထွက်ပြေးနေကြတော့ အဲဘက်မှာ အင်အားစုလို့မရတော့ဘူး၊ အဲလိုဖြစ်တော့ ကွင်းကောက်ဘက်မှာရှိတဲ့ အုပ်စုတွေကို တအုပ်စုကို ခုနစ်ယောက်၊ ရှစ်ယောက် အဲလိုမျိုးတွေ တောင်းနေတာ” လို့ စစ်ရှောင် အမျိုးသားကပြောပါတယ်။
၄၊မေ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာအုပ်စုကနေ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ဘက်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်အခဲအပြင် စစ်မှုထမ်း စုဆောင်းခံရမှာကိုပါ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
“တကယ့် တရုန်းရုန်းထဖြစ်ခါကျမှ ပြေးတဲ့လူတွေက အခက်အခဲပိုရှိတာပေါ့၊ တချို့ဆိုရင် အဝတ်တထည်ကိုယ်တခုပဲပြေးလာရတာ၊ တခြားရွာကမိသားစုတွေရှိရင် အဆင်ပြေသေးတာပေါ့၊ တခြားမိသားစုတွေမရှိ၊ အပေါင်းအသင်းတွေလည်းမရှိတဲ့သူတွေဆို ဘယ်လိုစားသောက်လို့ စားသောက်ရမယ်မှန်းမသိဘူး” လို့ ကွင်းကောက်ဘက်မှာ လာရောက်တိမ်းရှောင်နေသူ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ပန်းတောကြီးရွာမှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ စခန်းတခုကို အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ပန်းတောကြီးအပါအဝင် အနီးအနားရှိ မန်းကျည်းပင်ကွင်း၊ မြို့ကုန်း၊ ဝက်ကုန်း၊ ရှမ်းကုန်း၊ တုံးတော စတဲ့ ကျေးရွာတွေက ဒေသခံအများစုဟာ ကွင်းကောက်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာပါ။
“သူတို့ရောက်တဲ့ နေရာလေးမှာ အလုပ်ကလေးတွေ တောင်းပြီးတော့ အဆင်ပြေသလို ကြုံရာအလုပ်လေးပဲ လုပ်နေကြရတာပေါ့၊ တခြားရွာကို ရောက်လာတယ်၊ ဒီရွာမှာရှိတဲ့ အလုပ်ကလေးတွေကို အဆက်သွယ်ရှာ လိုက်လုပ်ပြီး အဲလိုပဲ ရှာဖွေစားသောက်နေကြတာပေါ့၊ တချို့ဆို ရွှေထည်၊ ငွေထည်တွေ အိမ်မှာကျန်ခဲ့ကြတာပဲ၊ ပြန်ယူလို့လည်းမရဘူးလေ” လို့လည်း အထက်ပါ စစ်ရှောင်အမျိုးသားက ပြောပါတယ်။
ကွင်းကောက်ဘက်ရောက်နေကြတဲ့ စစ်ရှောင်အများစုဟာ ကွင်းကောက်အပြင် အနီးအနားရွာတွေမှာ ခိုလှုံနေကြပြီး အိမ်ငှားနေထိုင်ကြတာတွေရှိသလို အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီမှာ နေထိုင်နေကြတာတွေလည်း ရှိတယ်လို့သိရပါတယ်။
ပန်းတောကြီးဘက်ကနေ ကွင်းကောက်တဝိုက်မှာ အခုလို လာရောက်တိမ်းရှောင်နေကြသူဦးရေဟာ ထောင်ချီရှိနိုင်ပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ ဟင်္သာတ၊ ရန်ကုန် စတဲ့မြို့တွေဆီ တိမ်းရှောင်သွားကြတယ်လို့လည်းဆိုပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာရှိကြတဲ့ ကွင်းကောက်နဲ့ ပန်းတောကြီးတို့ဟာ ဆယ်မိုင်ဝန်းကျင်လောက်ပဲ ကွာဝေးတာပါ။
AA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပန်းတောကြီးကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ ပန်းတောကြီးကနေ တမိုင်ကျော်သာဝေးတဲ့ ပန်းတောကြီးနဲ့ လေးမျက်နှာမြို့ကြားရှိ ဆီဆုံကုန်းဘက်မှာ အထိုင်ချထားပြီး ပန်းတောကြီးတဝိုက်ကို နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့သိရပါတယ်။
အခုလို ကွင်းကောက်ဘက်မှာ လာရောက်တိမ်းရှောင်နေသူတွေဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဦးရေ ပိုမိုစုဆောင်းနေမှုတွေကြောင့် စစ်သားအဖြစ် အဓမ္မစုဆောင်းခံရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။
“ပန်းတောကြီးဘက်မှာက သူတို့(စစ်တပ်)ခေါ်ဖို့ လူလည်းမရှိတော့ဘူး၊ အကုန်လုံးက အိုးမရှိ အိမ်မရှိထွက်ပြေးနေကြတော့ အဲဘက်မှာ အင်အားစုလို့မရတော့ဘူး၊ အဲလိုဖြစ်တော့ ကွင်းကောက်ဘက်မှာရှိတဲ့ အုပ်စုတွေကို တအုပ်စုကို ခုနစ်ယောက်၊ ရှစ်ယောက် အဲလိုမျိုးတွေ တောင်းနေတာ” လို့ အထက်ပါ အမျိုးသားကပြောပါတယ်။
အခုလို တိုက်ပွဲတွေမဖြစ်ခင်ကတော့ ကျေးရွာအုပ်စုတခုကို နှစ်ယောက်လောက်သာ စစ်မှုထမ်းဖို့ ခေါ်ယူလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
ပန်းတောကြီးကျေးရွာတဝိုက်မှာတော့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ကြပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ မတိမ်းရှောင်နိုင်ကြသေးတဲ့သူတွေလည်း ရှိကြတယ်လို့ သိရပါတယ်။
“သွားရေးလာရေး ဘယ်လိုမှ အဆင်မပြေတဲ့မိသားစုတွေ၊ သေလည်း သေပါစေတော့ဆိုပြီး အဲလိုနေနေကြတဲ့ မိသားစုတွေလည်း ရှိကြတာပေါ့” လို့လည်း အထက်ပါ စစ်ရှောင်အမျိုးသားက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ ပန်းတောကြီးကနေတဆင့် တိုက်ပွဲတွေ ထပ်မံကျယ်ပြန့်လာတာမျိုးမရှိသေးပေမယ့် အရှေ့ဘက်မှာရှိတဲ့ ဆီဆုံကုန်း၊ တောင်ဘက်မှာရှိတဲ့ ငါးသိုင်းချောင်းဘက်ကနေ ပန်းတောကြီးဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါ ပစ်ခတ်တာတွေရှိနေတယ်လို့သိရပါတယ်။