ဧရာဝတီတိုင်း ကျေးရွာဆယ်နဲ့ချီမှာ စစ်ကောင်စီ ကန့်သတ်မှုတွေပြုလုပ်

မတ် ၂၄

ဧရာဝတီတိုင်း ရေကြည်မြို့နယ် လက်ပံပင်ကျေးရွာကနေစတင်ပြီး လေးမျက်နှာမြို့နယ် ကျား ကိုက်ကျေးရွာအထိ ပုသိမ် – မုံရွာလမ်း အနောက်ဘက်တကြောက ကျေးရွာပေါင်း ၃၀ နီးပါးကို စစ်ကောင်စီက အဝင်အထွက်ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကျေးရွာတွေမှာ နေထိုင်တဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ကဒီကနေ့ မတ်လ ၂၄ ရက်ကစတင်ပြီး အဝင်အထွက် ပေးမလုပ်တော့တာလို့ဆိုပါတယ်။

အဲဒီအခြေအနေက စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မူတွေပြုလုပ်မှာမလို့ ဖြစ်တယ်လို့လည်း ဒေသခံတဦးက သူ့အမြင်ကိုပြောပြပါတယ်။

အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ပွားနေတဲ့ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်အကြား ပြည်သူအများစုဟာ စစ်ဘေးရှောင်အဖြစ် ကျေးရွာတွေကို စွန့်ခွာသွားပြီဖြစ်ပေမယ့်လည်း ပြည်သူအနည်းစုကတော့အဆိုပါကျေးရွာတွေထဲမှာ ပိတ်မိနေဆဲဖြစ်တယ် လို့ လည်းဒေသခံတွေကပြောပါတယ်။

ပိတ်မိနေတဲ့ ဆင်းရဲသားရွာခံတွေ ၊ ပြေးစရာမရှိလို့ အသေခံကပ်တွယ်နေတဲ့ ပြည်သူတွေ ကျန်နေသေး တယ် လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် ပိတ်မိနေတဲ့ အရပ်သားပြည်သူအရေအတွက်ကို တော့ DNA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ရခိုင်ပြည်နယ် ဂွမြို့ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရောက်ရှိနေ တဲ့တည်နေရာတွေကို စစ်ကောင်စီတပ်က သွားရောက်တိုက်ခိုက်တာတွေမလုပ်ရဲဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

“ သူတို့တွေ (စကစ) မတိုက်ရဲဘူး။ လက်နက်ကြီးတွေ ၊ လေယာဉ်တွေနဲ့ပဲ ပစ်နေတာ” လို့ သူကပြောပါ တယ်။

မတ်လ ၂၄ ရက် နံနက်ပိုင်းကလည်း လေးမျက်နှာမြို့နယ် ဘန့်ဘွေးကုန်းရွာဘက်ကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ တတိယအပတ်အတွင်း စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်ကြားအ စပ်က ကျေးရွာတွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေထဲကို ဒေသခံတွေသွားရောက်နိုင်ခြင်းမရှိတာကြောင့် ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။

ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ခံတစ်ဦးကတော့ လေးမျက်နှာဘက်မှာ ပစ်ခတ်နေတာနဲ့ပတ်သတ်လို့

“ ဒီအထိ (ငသိုင်း ချောင်း) မြေကြီးပါတုန်တယ်။ ဒီနေ့ (မတ် ၂၄) မနက် ၂ ချက်ပစ်တာ အတော်ကျယ်တယ်။ နေ့လည်ပိုင်း ရောက်တော့ ကျုံပျော်ဘက်က စက်တပ်လေထီး တစီး လေးမျက်နှာဘက်တက်သွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို သွားရောက်ခေါ်ထုတ်ဖို့အတွက် ရေ ကြည်မြို့နယ် ကုန်းပြင်ကျေးရွာအုပ်စု အနောက်ဘက်နဲ့ အရှေ့ဘက် လမ်းပိုင်းနှစ်ခုလုံးကနေ ဝင်ရောက် ဖို့ကြိုးစားခဲ့ပေမယ့်လည်း စစ်ကောင်စီဂိတ်စခန်းတွေက ဝင်ထွက်ခြင်းကို ခွင့်မပြုခဲ့ဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။

AAသိမ်းပိုက်ထားတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့က မိုင် ၅၃မိုင်လောက်သာကွာဝေးတာပါ။

လက်ရှိမှာတော့ AAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့က ဧရာဝတီတိုင်း ပုသိမ်၊သာပေါင်းနဲ့ရေကြည်စတဲ့မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

#ဧရာဝတီတိုင်း #ကျေးရွာ #စစ်ကောင်စီ #ကန့်သတ်မှု #DeltaNewsAgency