၂၄၊မတ်
အခုလို ဈေးတက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပင်လယ်ထွက်ပြီး ရေလုပ်ငန်းလုပ်ကိုင်မယ့်သူတွေ နည်းပါးသွားတာလည်း အဓိက အကြောင်းအရင်းအဖြစ် ပါဝင်တယ်လို့ ချောင်းသာကမ်းခြေမှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။
“ဂျမ်းစက်လှေ (ငါးဖမ်းစက်လှေ) ၁၀ စီးဆိုရင် အခု ၂ စီးလောက်ပဲ ထွက်နိုင်သေးတယ်” လို့ သူကပြောပါတယ်။
ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီကတည်းက ချောင်းသာကမ်းခြေမှာ ရောင်းတန်းဝင်တဲ့ ပင်လယ်ပုဇွန် ၁ ပိဿာကို ၄ သောင်းကျပ်လောက်ရှိပေမယ့် လက်ရှိအချိန်မှာတော့ ၈ သောင်းဈေးလောက်အထိ မြင့်တက်သွား တယ်လို့ ဆိုပါတယ်။ ဒါကတော့ ဖောက်သည်ဈေးဖြစ်ပြီး လက်လီဈေးကတော့ ဒီထက် ပိုများပါတယ်။
“ပင်လယ်ထွက်ပြီး ရေလုပ်ငန်းလုပ်မယ့်လူတွေ ပြန်မလာကြဘူးလေ” လို့ ချောင်းသာဒေသခံက ပြောပါ တယ်။ ဇန်နဝါရီလတွင်း ချောင်းသာကမ်းခြေ မြောက်ဘက်မှာရှိတဲ့ ရွှေသောင်ယံမြို့နယ်ခွဲအပိုင်ထဲက မကျီးစင်နဲ့ ဘောမိဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ချောင်းသာကမ်းခြေက ဒေသခံအများစုက ပုသိမ်မြို့နဲ့ ရန်ကုန်မြို့ဆီကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
ဇန်နဝါရီလအတွင်းက ချောင်းသာကမ်းခြကို စွန့်ခွာသွားတဲ့လူတွေထဲမှာ ဒေသခံပြည်သူတွေသာမကဘဲ ဟိုတယ်နဲ့အပန်းဖြေလုပ်ငန်းက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တန် ဖိုးကြီးပစ္စည်းတွေကို မြို့ပြအထိ ပို့ဆောင်ပြီး စစ်ရှောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ချောင်းသာကမ်းခြေကို ပြန်ရောက်လာကြပြီလို့ ဒေသခံကပြောပါတယ်။
“ဟိုတယ်တွေပြန်ဖွင့်နေတာ တလလောက်ရှိပြီ။ ဧည့်သည်တော့လာတယ်။ အခန်းတော့မပြည့်သေးဘူး” လို့ ဒေသခံကပြောပါတယ်။ ချောင်းသာကမ်းခြေမှာ ပိတ်ရက်တွေဆိုရင် စီးပွားရေးလုပ်စားလို့ရတဲ့ အနေအထားအထိတော့ ဧည့်သည့်ရှိတယ်လို့ ထမင်းဟင်းချက်ပို့သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပင်လယ်စာဈေးနှုန်းကြီးမြင့်နေတာကြောင့် ချက်ပို့လုပ်ကိုင်ရတာ အခက်အခဲ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
“ဈေးတွေတက်ပြီး ဧည့်သည်ကိုချက်ပေးရတာ မျက်နှာပူလို့ မရောင်းချင်တော့ဘူး” လို့ သူကဆက်ပြောပါတယ်။
ပုသိမ်မြို့ပေါ်က ပင်လယ်စာ ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးကတော့ သင်္ကြန်ကာလရောက်တိုင်း ကမ်းခြေတွေမှာ ပင်လယ်စာဈေးတက်တာ ထုံးစံပဲလို့ မှတ်ချက်ပေးပါတယ်။
“ချောင်းသာဘက်ကဆိုင်တွေက ဈေးနှစ်ဆတက်တာက ဟိုတယ်ခလည်းနှစ်ဆတက်တယ်။ သကြန်နီး လာရင် ဈေးမတက်လည်း သူတို့ထုံးစံဖြစ်နေပြီ။ ဒီအချိန်က ဈေးနှစ်ဆတက်တဲ့အချိန်” လို့ ဆိုပါတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်မှာ ဟိုတယ်အရေအတွက် ၃၃ လုံးရှိတယ်လို့ ဌာနဆိုင်ရာထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
#ချောင်းသာကမ်းခြေ #ပင်လယ်စာ #စျေးနှုန်း #မြင့်တက် #DeltaNewsAgency