
“တော်လှန်ရေးကြီးပြီးသွားခဲ့ရင် မဲဇလီကုန်းမြို့က အုတ်ဂူနီလေးပေါ်မှာ ကြယ်ဖြူလေးတလုံး မြင်ရပါလိမ့်မယ်။ ဒီကြယ်ဖြူလေးဟာ နွေဦးဒိုင်ယာရီထဲမှာ ကြွေလွှင့်ခဲ့တဲ့ ကြယ်ဖြူလေးတပွင့်လည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အသက် ၁၉နှစ်သာသာရှိသေးတဲ့ ရဲဘော်အငယ်ကောင်ခေါ် မောင်ကောင်းမြတ်အောင်ဆိုတဲ့ ကြယ်ဖြူလေးပေါ့။”
အာဏာရှင်စနစ်ကို အမြစ်ဖြုတ်တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေးမှာ မထင်မရှားအသက်ပေးလှူခဲ့ကြတဲ့ အညတရသူရဲကောင်းအများအပြားရှိပါတယ်။ သူတို့ကို ကြွေလွင့်သွားတဲ့ ကြယ်ဖြူလေးတွေလို့ တင်စားကြလေရဲ့။
ရဲဘော်အငယ်ကောင်လို့ ချစ်စနိုးခေါ်ကြတဲ့ မောင်ကောင်းမြတ်အောင်ကတော့ အဲဒီကြယ်ဖြူလေးတွေထဲက ကြယ်တပွင့်ပဲဖြစ်ပါတယ်။
🟦ရဲဘော်အငယ်ကောင်ရဲ့ဇာတ်ကြောင်း
ရဲဘော်အငယ်ကောင်ကကျောင်းသားကျောင်းခေါင်းဆောင် ဗိုလ်အောင်ကျော်မွေးဖွားခဲ့တဲ့ ဧရာဝ တီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ မဲဇလီကုန်းမြို့ဇာတိပါ။ အငယ်ကောင် ၉ နှစ်သားမှာတော့ ဖခင် ဖြစ်သူကွယ်လွန်ခဲ့ပါတယ်။မိခင်ဖြစ်သူကတော့ အငယ်ကောင် ၁၃ နှစ်သားမှာ ကွယ်လွန်ခဲ့တာပါ။
အငယ်ကောင်မှာ အကိုနှစ်ယောက်ရှိပြီးသူတို့တွေကဦးလေး၊ အဒေါ်တွေရဲ့ ကြည့်ရှု့စောင်မမှုအောက်မှာ ကြီးပြင်းခဲ့ကြတာလည်းဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်မှာ အငယ်ကောင်က အလယ်တန်းကျောင်းသားဘဝပဲရှိသေးတာပါ။
အဲဒီနောက်မှာတော့သူတို့ညီအကိုသုံးယောက်စလုံးက လမ်းပေါ်ထွက်ပြီးတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာအတူပါဝင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ သူတို့ညီအကိုသုံးယောက်မှာ အကြီးဆုံးအကိုဖြစ်သူ ကိုအောင်သက်နဲ့ အငယ်ကောင်က စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့ကြတာဖြစ်ပြီး အကိုလတ်ကတော့ UG တစ် ယောက်အဖြစ်လှုပ်ရှားနေရင်းစစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။
ကိုအောင်သက်နဲ့အငယ်ကောင်က တပ်ရင်းတခုတည်းလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာပါဝင်နေရင်းနဲ့နောက်ဆုံးမှာတော့ အငယ်ကောင်ရဲ့အကိုအကြီးဆုံးဖြစ်တဲ့ ကိုအောင်သက်ဟာ ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသား ချမှတ်ခဲ့တာပါ။
လက်နက်ကိုင်မှဖြစ်တော့မယ်ဆိုတဲ့ ခံယူချက်နဲ့အတူ ၂၀၂၁ ခုနှစ် ဧပြီလမှာ ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ ၃ ရှိတဲ့ နယ်မြေကို သူထွက်ခွာသွားခဲ့တာပါ။
KNU နယ်မြေမှာ စစ်သင်တန်းတက်ပြီးနောက်မှာတော့ ကိုအောင်သက်ဟာ အခြား ဧရာဝတီတိုင်း သားတွေနဲ့အတူ ရခိုင်ရိုးမပေါ်ကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ သူတို့တွေရဲ့ ရည်ရွယ်ချက်က တော့ ဧရာဝတီကိုပြန်လည်အခြေချနိုင်ဖို့ပါ။အချိန်ကာလအားဖြင့် ပြောရမယ်ဆိုရင် ၂၀၂၂ ခုနှစ်ပေါ့။
ကိုအောင်သက်ကိုတော်လှန်ရေးနယ်ပယ်မှာတော့ ရဲဘော်ရဲထက်လို့ အများကသိကြတာလည်းဖြစ်ပါတယ်။
ကိုအောင်သက်ကလက်ရှိမှာ အင်္ဂပူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ဒုတိယတာဝန်ခံလည်း ဖြစ်ပါတယ်။
အဲဒီနောက်မှာရခိုင်ရိုးမပေါ်ကိုရောက်ရှိနေတဲ့ ကိုအောင်သက် ကို ညီငယ်ဖြစ်သူ မောင်ကောင်းမြတ်အောင်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
“အဓိကကတော့ လက်နတ်ကိုင်ချင်တာကို လာပြောတာ” လို့ ကိုအောင်သက်က ပြန်ပြောပါတယ်။
ဒါပေမယ့်ကိုအောင်သက်က ညီငယ်ဖြစ်သူ လက်နက်စွဲကိုင်တော်လှန်ချင်တာကို ခွင့်မပြုခဲ့ပါဘူး။
CDM အလယ်တန်းတန်းကျောင်းသား လေးရဲ့ အသက်အရွယ်က အရမ်းငယ်နေသေးတဲ့အပြင် တော်လှန်ရေးသမားတစ်ယောက်ရဲ့ ဘဝဟာ အင်မတန်ခတ်ခဲကြမ်းတမ်းတာကြောင့် ခွင့်မပြုခဲ့တာပါ။
“ကျွန်တော်သူ့ကို နားချပြီး မြို့အစပ်ရောက်တဲ့အထိ ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးခဲ့တယ်။ အဲနေ့က မှတ် မှတ်ရရ ရခိုင်ရိုးပေါ်ကို ကျွန်တော်ပြန်တက်တော့ ဆိုင်ကယ်မှောက်ပြီး နဖူးကွဲသွားတာနဲ့ ၃ ချက်ချုပ်လိုက်ရတယ်” လို့ ညီဖြစ်သူနဲ့ ပတ်သက်တဲ့အမှတ်တရဖြစ်ရပ် ကိုအောင်သက်က ပြန်လည်ပြောပြပါတယ်။
ရခိုင်ရိုးမပေါ်ရောက်ရှိနေတဲ့ ကိုအောင်သက်အပါအဝင် အောင်ဆန်းတပ်ရင်းက ဧရာဝတီတိုင်းသားတွေ ဟာ ၂၀၂၃ ခုနှစ်မှာတော့ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ကရင်ပြည်နယ် KNU တပ်မဟာ ၃ နယ်မြေဆီကို ပြန်လည်ဆုတ်ခွာခဲ့ကြရပါတယ်။
ညီအငယ်ဆုံးမောင်ကောင်းမြတ်အောင်ကတော့လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်ဖို့အတွက်ကိုပဲ အကိုကြီးဖြစ်သူဆီအစဥ်တစိုက်တောင်းဆိုနေခဲ့တာပါ။
နောက်ဆုံးမှာတော့ ကိုအောင်သက်ဟာ ညီဖြစ်သူရဲ့ ဆန္ဒကိုခွင့်ပြုပေးလိုက်ပါတော့တယ်။
ဒီလိုနဲ့ မောင်ကောင်းမြတ်အောင်ဟာ KNU တပ်မဟာ ၃ နယ်မြေထဲကို ၂၀၂၃ ခုနှစ်မှာ စတင်ရောက်ရှိလာ ပါတော့တယ်။
တော်လှန်ရေးနယ်မြေမှာတော့ မောင်ကောင်းမြတ်အောင်ကို ရဲဘော်အငယ်ကောင်
လို့ ချစ်စနိုးတင်စားကြလေရဲ့။ ရဲဘော်အငယ်ကောင်ရဲ့ မိခင်တပ်ရင်းကတော့ ACPLF Rangersလို့ အတိုကောက်ခေါ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(Anti Coup Peoples Liberation Force )ပဲဖြစ်ပါတယ်။
စစ်သင်တန်းဆင်းလာတဲ့ ရဲဘော်အငယ်ကောင်ဟာ အသက် ၁၈ နှစ်မှာပဲ ကရင်ပြည်နယ်က နာမည်ကျော် ဖာပွန်မြို့သိမ်းတိုက်ပွဲ (၂၀၂၄ ခုနှစ်) မှာပါဝင်ခွင့်ရခဲ့တာပါ။
“ဖာပွန်ပွဲမှာ စားစရာမရှိတော့ သူ့ ဖုန်းလေးကိုရောင်းလိုက်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူ့ ကို ဖုန်းအသစ်လေးတစ်လုံးဝယ်ပေးထားသေးတယ်” လို့ ကိုအောင်သက်က ညီဖြစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရအချို့ကို ပြောပြပါတယ်။
သူတို့ညီကိုနှစ်ယောက်ဟာ KNU တပ်တွေနဲ့အတူ ပဲခူးတိုင်းထဲမှာ တိုက်ပွဲတွေဆင်
နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းဆိုရင်လည်း သူတို့ညီကိုနှစ်ယောက်ဟာ ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်ထဲမှာ အတူရှိနေခဲ့တာပါ။
🟦 ကြယ်ဖြူတပွင့်ကြွေလွင့်ခြင်း
ကိုအောင်သက်တယောက်ကတော့ သူ့ကိုတုန်လှုပ်စေခဲ့တဲ့ အဲဒီနေ့ရက်တရက်ကိုတော့ မမေ့နိုင်သေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ ရက်နံနက်ခင်းမှာတော့ ကိုအောင်သက်ကို သတင်းဆိုးတခုကလှုပ်နှိုးပါတော့တယ်။
“အငယ်ကောင်ကျသွားပြီ အကိုကြီး” ရှေ့တန်းက လှမ်းပြောတဲ့ သတင်းဆိုးကို ကိုအောင်သက်တစ်ယောက် ဘယ်လိုလက်ခံရမှန်းမသိဖြစ်နေခဲ့ပါတယ်။
အငယ်ကောင်ကျဆုံးခဲ့ရတဲ့ဖြစ်စဥ်နဲ့ပတ်သတ်လို့လည်း ကိုအောင်သက်အခုလိုပြန်ပြောင်းပြောပြပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတွေတခုပြီးတခု စွန့်ခွာနေရတဲ့ စစ်ကောင်စီတပ်ဟာ လက်ကျန်အထိုင်စခန်းတွေမှာ စုစည်းလို့နေကြပါတယ်။ သူတို့တွေဟာ အထိုင်စခန်းထဲကနေပြီးတော့ လက်နက်ကြီးတွေကို နေ့ညဆက်တိုက်ပစ်နေကြတာပါ။
အဲဒီလိုနဲ့ဖေဖော်ဝါရီ၂၆ရက်မှာစစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးက ရဲဘော်အငယ်ကောင် အနားယူနေတဲ့ ဘန်ကာအနီးကို ကျရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဘန်ကာက ပြိုကျပြီးတော့ ရဲဘော်အငယ်ကောင်ကို ပိသွားကာ သူကျဆုံးသွားခဲ့တာပါ။
တပ်ရင်းတခုတည်းမှာ အတူရှိနေတဲ့ အကိုကြီးဖြစ်သူကတော့ ညီအငယ်ဆုံးလေးကျဆုံးသွားတာကို ယူကြုံးမရဖြစ်ရတာပေါ့။ ပိုပြီးခံစားရတာက ညီအငယ်ကျဆုံးတာကို ထောင်ထဲမှာရှိတဲ့ အလက်ကောင်ဆီ သတင်းစကား မပါးနိုင်ခဲ့တာပါပဲ။
စစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲကိုရောက်ရှိနေတဲ့ အလက်ကောင်တယောက်လည်း ဒီသတင်းကိုသာ ကြားသိခဲ့မယ်ဆိုရင် ခံပြင်းမှုတွေနဲ့အတူ ဝမ်းနည်းကြေကွဲရမှာပါပဲ။ ကျွန်တော်ညီလေးက အရမ်းလိမ္မာ တာဗျ လို့ ကိုအောင်သက်က ညီဖြစ်သူနဲ့ပတ်သက်လို့ ချီးကျူးစကားပြောပါတယ်။
ဟုတ်ပါတယ်။ ရဲဘော်အငယ်ကောင်နဲ့ပတ်သက်တဲ့ စီနီယာရဲဘော်တွေ ၊ တပ်စိတ်မှူး ၊ တပ်စုမှူး ၊ တပ်ခွဲ မှူးတွေက ရဲဘော်အငယ်ကောင်ဟာ ပြောစကားနားထောင်ပြီး အင်မတန်လိမ္မာတဲ့ ကလေးတစ်ယောက် ဖြစ်တဲ့အကြောင်း တညီတညွှတ်တည်း မှတ်ချက်ပြုကြပါတယ်။
ကိုအောင်သက်မှာ စောင့်မကြည့်ရှုရတဲ့ ရဲဘော်တွေအများကြီးရှိပါတယ်။ အဲဒီထဲမှာ ညီအရင်းဖြစ်တဲ့ ရဲဘော်အငယ်ကောင်လည်းပါဝင်ပါတယ်။ အခြားသောရဲဘော်တွေက ကိုအောင်သက်ကို အကို ကြီး မုန့်ဖိုးပေးဦး ဆိုပြီး ပူဆာတာတွေရှိခဲ့ဖူးပေမယ့်လည်း အငယ်ကောင်ကတော့ အဲလိုမျိုးတောင်မရှိဘူးလို့ ကိုအောင်သက်က ပြောပါတယ်။
တော်လှန်ရေးခရီးကြမ်းမှာ ရဲဝံ့စွာလျှောက်လှမ်းခဲ့တဲ့ အငယ်ကောင်နဲ့ပတ်သတ်လို့ သူမှတ်မိနေတဲ့ဖြစ်ရပ်တခုကိုလည်း ကိုအောင်သက်က ဆို့နင့်စွာပြန်ပြောပြခဲ့ပါတယ်။
“အကိုကြီး သားအရမ်းပင်ပန်းနေပြီ။ သားခဏလောက်နားချင်လို့ ခွဲမှူး (တပ်ခွဲမှူး) ကိုပြောပေးဦး” လို့အငယ်ကောင်က နောက်တန်းပြန်မယ့်အကိုဖြစ်သူကိုခွင့်တောင်းခဲ့တာပါ။
“အေးပါကွာ ငါပြောပေးမယ်”
ဒီလိုနဲ့ အကိုကြီးဖြစ်သူဟာ ညီဖြစ်သူကို ရှေ့တန်းစစ်မျက်နှာပြင်မှာ ထားရစ်ခဲ့ပြီးတော့ နောက်တန်းကို ပြန်လာခဲ့ရတာပါ။ အဲဒီနောက်မကြာခင်မှာပဲ အငယ်ကောင်တယောက်ကျဆုံးခဲ့ရတာပါ။
“ကျွန်တော်ညီလေးကို ကျွန်တော်နဲ့အမြဲအတူရှိနေ စေချင်တာ” လို့ ကိုအောင်သက်က ဝမ်းနည်းပူးဆွေးတဲ့ လေသံနဲ့ပြောပါတယ်။
ကလေးမျက်နှာပေါက် မပျောက်သေးတဲ့ ရဲဘော်အငယ်ကောင်ဟာ ပိန်ပိန်ပါးပါးရှိပြီး နှာတံပေါ်လွင်တဲ့ အပြင် ပြုံးစိစိနှုတ်ခမ်းတစုံကိုလည်း ပိုင်ဆိုင်ထားသူပါ။ အခုတော့ သူဟာ အာဏာရှင်ကိုတော်လှန်ရင်း နဲ့ မြင့်မြတ်စွာပဲ ကျဆုံးလို့သွားခဲ့ပါပြီ။
🟦 နွေဦးရဲ့မထင်မရှားသူရဲကောင်းလေးအငယ်ကောင်
ဧရာဝတီတိုင်းသားတွေ အိမ်ပြန်ချိန်မှာ ရဲဘော်အငယ်ကောင်တစ်ယောက် အိမ်မပြန်နိုင်တော့ပါဘူး။
“ကျွန်တော်ညီလေးနဲ့အတူ အိမ်ပြန်ဖို့လုပ်နေတာ။ အခုကျွန်တော်ညီလေးကို ကျွန်တော်ခေါ်မသွားနိုင်တော့ဘူး” လို့ ကိုအောင်သက်က ဝမ်းနည်းခြင်းများစွာနဲ့ ပြောလာပါတယ်။
ကိုအောင်သက်ကတော့ သူသာအသက်မသေဘဲ အိမ်ပြန်နိုင်ခဲ့ရင် ညီအငယ်ကောင်နေခဲ့တဲ့ ခြံဝန်းထဲမှာ အုတ်ဂူ အနီရောင်လေးတခု ပြုလုပ်မယ်လို့စိတ်ကူးထားပါတယ်။
အဲဒီအုတ်ဂူလေးမှာတော့ ရဲဘော်အငယ်ကောင်ရဲ့ ကျည်ကာအင်္ကျီ၊ ရဲဘော်အငယ်ကောင်ရဲ့ ကိုယ်ပိုင်နံပါတ်ဆွဲကြိုး၊ ဖာပွန်တိုက်ပွဲအပြန်က ဝယ်ပေးခဲ့ဖူးတဲ့ ဖုန်းလေး
ဒီသုံးခု ရှိနေပါမယ်လို့လည်းကို အောင်သက်ကပြောပါတယ်။
“တော်လှန်ရေးကြီးပြီးသွားခဲ့ရင် မဲဇလီမြို့ပေါ်က အုတ်ဂူနီလေးပေါ်မှာ ကြယ်ဖြူလေးတစ်လုံးလည်း မြင် ရပါလိမ့်မယ်။ ဒီကြယ်ဖြူလေးဟာ နွေဦးဒိုင်ယာရီထဲမှာ ကြွေလွှင့်သွားတဲ့ ကြယ်ဖြူလေးပါ။ တနည်းအားဖြင့် ရဲဘော်အငယ်ကောင်လို့ခေါ်တဲ့ မောင်ကောင်းမြတ်အောင်ပေါ့။”