
မတ်လ၊ ၂
အခုနှစ် ဧရာဝတီတိုင်းမှာ နွေစပါးအထွက်နှုန်းကောင်းပေမယ့် ဈေးမရသလို ဝယ်သူနည်းပြီး ဈေးကွက်အေးနေ တာကြောင့် စပါးစိုက်တောင်သူတွေအဆင်မပြေဖြစ်နေကြပြီး အရေးပေါ်ငွေမလိုတဲ့ တတ်နိုင်သူတွေကတော့ ထုတ်မရောင်းဘဲ လှောင်ထားကြတယ်လို့ ကျိုက်လတ်၊မအူပင်နဲ့ ပန်းတနော် ဒေသခံ တောင်သူတွေက DNAကို ပြောပါတယ်။
နွေစပါး ထွက်ချိန်လက်ရှိမှာ စပါးတင်းတရာကို ကျပ် ၁၅သိန်းဝန်းကျင်သာ ပေါက်ဈေးရှိနေတာကြောင့် စိုက်ပျိုး စရိတ်အရင်းအနှီးနဲ့ဆိုရင် တွက်ခြေမကိုက်ဖြစ််နေတယ်လို့ စပါးစိုက်တောင်သူတွေကဆိုကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နွေစပါးထွက်ချိန်တုန်းကတော့ စပါးတင်းတရာကို ကျပ် ၂၅သိန်းလောက်ပေါက်ဈေးရှိခဲ့ တာလို့သိရပါတယ်။
“ပိုက်ဆံရှိတဲ့လူတွေက မရောင်းကြဘူး။ ငွေလိုတဲ့လူတွေကတော့ ရတဲ့ဈေးနဲ့ရောင်းရတာပဲ။ ဝယ်သူ လည်း သိပ် မရှိတော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ပြောမရဘူး” လို့ မအူပင်မြို့နယ်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
အခုနွေစပါးပေါ်ချိန်မှာ စပါးဈေးနှုန်းကျဆင်းနေပေမယ့်လည်း အထွက်နှုန်းကတော့ တစ်ဧကကို တင်း ၁၃၀ လောက် အထိ ပျှမ်းမျှထွက်ရှိတာကြောင့် အထွက်နှုန်းကောင်းတဲ့နှစ်ဖြစ်တယ်လို့ ဧရာဝတီဒေသခံတောင်သူတချို့ကပြောပါတယ်။
တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးအထွေထွေစားရိတ်ကြီးမြင့်တာ၊ သဘာဝဘေးအန္တရာယ်နဲ့ ပိုးမွှားတွေ ဖျက်ဆီး တာကြောင့် စိုက်ခင်းတွေပျက်စီးရတာရှိခဲ့တဲ့အပြင် စပါးဈေးနှုန်းကလည်း အရင်နှစ်ကထက် ကျဆင်းသွားတာကြောင့် အမြတ်အစွန်းမရှိသလောက်ဖြစ်နေတယ်လို့ ပန်းတနော်ဒေသခံ တောင်သူတဦးကပြောပါတယ်။
နွေစပါးစတင်စိုက်ပျိုးချိန်ကဆိုရင် မြစ်ရေမြင့်တက်ပြီး စပါးပင်တွေသေဆုံးခဲ့ရတာကြောင့် အဲ့ဒီဒဏ်ခံခဲ့ရတဲ့ တောင်သူတွေဟာ ပျိုးစပါးကို သုံးကြိမ်အထိအသစ်ဝယ်ယူပြီး ပြန်လည်စိုက်ပျိုးခဲ့ရတာပါ။ ဒါ့အပြင်ပိုးသက်ဆေးနဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေကလည်း အရင်နှစ်ထက်နှစ်ဆလောက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
“တချို့က ရေနစ်လို့ စပါးတွေသေတာ။ တချို့ကုန်းကွင်းတွေမှာက ရေမနစ်ဘူး။ ခရုကိုက်လို့စပါး တွေကုန်ကြ တာ” လို့ ကျိုက်လတ်မြို့နယ်က စပါးစိုက်တောင်သူတဦးကပြောပါတယ်။
ဧရာဝတီတိုင်းက စပါး စိုက်တောင်သူတွေဟာ ၂၀၂၄ ခုနှစ်အကုန်ပိုင်းက ထွက်ရှိတဲ့ မိုးစပါးမှာလည်း အထွက်နှုန်း မကောင်းတာကြောင့် အရှုံးပေါ်ခဲ့သူတွေအများအပြားရှိခဲ့ပါတယ်။
နွေစပါးထွက်ချိန် ဈေးမရလို့ တောင်သူတွေအခက်တွေ့နေကြချိန် လတ်တလောမှာစစ်ကောင်စီကတော့ မတ်လ ၂ ရက်ကနေ ၄ ရက်အထိ ဧရာဝတီတိုင်း ၊ ကန်ကြီးဒေါင့်မြို့နယ် ၊ ဝါးဒူးရွာမှာ ပေါ် ဆန်းဖိုရမ်ကို ကျင်းပနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်အရတော့ ပေါ်ဆန်း စပါးနဲ့ ပေါ်ဆန်းဆန်ကို ဈေးကွက်ရရှိအောင် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။