“လက်ရှိရဲ့တခုတည်းသောအဖြေက တော်လှန်ရေးသာဖြစ်တယ်”

မတ်၊ ၁
ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF)ဥက္ကဌ ကိုခန့်သော်နဲ့ ဆက်သွယ်မေးမြန်းခြင်း
ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေရှိလာချိန် အခုနှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီနဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်တခုဟာ တော်လှန်ရေးထောက်ခံသူတွေကြား အတိုင်းအတာ တခုအထိ စိတ်ဝင်စားမှုရှိခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေဘက်မှာ မိတ်ဖက်တော်လှန်ရေး အင်အားစုတွေ နဲ့အတူလက်တွဲပြီး တိုက်ပွဲတွေဖော်ဆောင်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်းဖော်ပြထားတဲ့ ပြည်သူ့ညီညွတ် ရေးတပ်ဦး(PUF)ရဲ့ထုတ်ပြန်ချက်ပါ။
ရခိုင်ပြည်နယ်တွင်းဒေသအများအပြားကိုသိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီဒေသတွေထဲ အထိ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်လာချိန်မှာ PUF ကအခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
ဧရာဝတီလူငယ်များသမဂ္ဂ(AYU)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂတို့အပါအဝင် အလားတူအဖွဲ့အစည်း ၁၁ ခုစုပေါင်းပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်မှာစတင်ဖွဲ့စည်းခဲ့တဲ့ PUF ဟာ ဘယ်လိုမူဝါဒ၊ မျှော်မှန်း ချက်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတာ အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌ ကိုခန့်သော် ကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
🟦အရင်ဆုံး PUF အကြောင်းကို မိတ်ဆက်ပေးပါဦး။
🟥ပြည်သူ့ ညီညွတ်ရေးတပ်ဦး PUF ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျွန်တော်တို့စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ ဗမာပြည် တော်လှန်ရေးမှာရှိနေတဲ့ အခြေအနေအရ ဗမာပြည်တော်လှန်ရေးရဲ့ လက်တွေ့ဆိုင်ရာ အခြေအနေအရသော်လည်းကောင်း သမိုင်းဆိုင်ရာ တောင်းဆိုချက်အားဖြင့်လည်းကောင်း လူထုရဲ့ဆန္ဒသဘောအားဖြင့်လည်းကောင်း ကျွန်တော်တို့က ဒေသတပ်ပေါင်းစုအနေနဲ့ စုဖွဲ့ခဲ့တာဖြစ်တယ်ပေါ့။ ဒီနေရာမှာ ကျွန်တော်တို့တွေက စစ်အာဏာမသိမ်းခင် ကာလတွေကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအသီးသီးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဆရာသမဂ္ဂက တာဝန်ရှိသူတွေ၊ ပြီးတော့ ဒီနွေဦးတော်လှန်ရေးမှာပေါက်ဖွားလာတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ လူငယ်တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြီးတော့ ဒေသခံတော်လှန်ရေး အဖွဲ့အစည်းတွေ၊ လိုကယ် ပီဒီအက်ဖ်တွေပေါ့နော်။ အဲ့လိုမျိုးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဖွဲ့စည်းခဲ့တာဖြစ်တယ်ပေါ့နော်။
🟦PUF အနေနဲ့ ဧရာဝတီတိုင်းအတွက် ရည်ရွယ်ထားတဲ့ စစ်ရေးရည်မှန်းချက်ကို ပြောပြပေးပါ။
🟥ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ ဧရာဝတီတိုင်းနဲ့ပတ်သက်တဲ့ စစ်ရေးရည်မှန်းချက်ကို ပြောပါဆိုရင် ကျွန်တော်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တနည်းအားဖြင့် ဧရာဝတီတိုင်းက တကယ်ကို သာယာလှပတဲ့ ဒေသတခုဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုးအခြေအနေမှာ ကျွန်တော်တို့ကတော့ ဒီစစ်အာဏာရှင် စစ်အုပ်စု စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တယားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးကိုအဓိကရည်ရွယ်တယ်ပေါ့နော်။ ပြောရလို့ရှိရင် လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်တဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ လက်နက်နဲ့ပြန်တွန်းလှန်တဲ့ ဒီစစ်ရေးတိုက်ပွဲကို ကျွန်တော်တို့ အနေနဲ့ရည်မှန်းချက်အဖြစ်ထားရှိတာဖြစ်တယ်။ ပြောရရင်ဆိုလို့ရှိရင် မြစ်ဝကျွန်းပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးပါဝင်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲကို ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ ဆင်နွှဲမှာဖြစ်တယ်။ ဒီနေရာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဧရာဝတီတိုင်းထဲမှာ စစ်အာဏာရှင်စနစ်အောက်က လုံးဝလွတ်မြောက်ပြီးတော့ သာယာလှပတဲ့ သာယာစည်ပင်ဝပြောတဲ့ ကျွန်တော်တို့ ဒေသတခုဖြစ်လာအောင် ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။
🟦PUF အနေနဲ့ ဧရာဝတီတိုင်းအတွက် ရည်ရွယ်ထားတဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ပြောပြပေးပါ။
🟥 ဒီနေရာမှာ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက်ပေါ့။ လက်နက်ကိုင်တိုက်ပွဲဝင်မယ့် အင်အားစုဖြစ်တယ်ပေါ့နော်၊ PUF အနေနဲ့။ ဒါပေမယ့် နိုင်ငံရေး အရပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဧရာဝတီတိုင်းရဲ့ အခြေအနေအရ အခြေအနေအရဆိုတဲ့ အခါမှာ ကျွန်တော်တို့က ပထဝီနိုင်ငံရေးအရ စဉ်းစားမယ်ဆိုလို့ရှိရင် လူမျိုးပေါင်းစုံစုပေါင်းနေထိုင် တဲ့ပြည်နယ်ဖြစ်တယ်ပေါ့နော်။ ပြီးတော့ တနိုင်ငံလုံးရဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြတဲ့ ဗမာပြည်ရဲ့ စပါးကျီလို့ပြောလို့ရတဲ့ ဒေသဖြစ်တယ်ပေါ့။ အဲ့လိုမျိုးအခြေအနေမှာ ကျွန်တော်တို့ကတော့ နိုင်ငံရေးအရ ရည်မှန်းချက်ကို ပြောပါဆိုရင်တော့ လက်ရှိ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ အင်အားစုအသီးသီးပါဝင်ရမယ် ပြောရင်အားလုံးပါဝင်ရမယ်ပေါ့နော်။ ဟိုလူမပါနဲ့ ဒီလူမပါနဲ့ဆိုတဲ့ မူဝါဒတွေ ကိုကျွန်တော်တို့ ဆန့်ကျင်တယ်။ ပြီးတော့ လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးရဲ့ အသံပါဝင်ရမယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အင်အားစုအားလုံးရဲ့ အသံ အားလုံးပါဝင်ရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတယ်ပေါ့နော်၊ ဒီအပေါ်ကနေပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ ရည်မှန်းတဲ့ ဘုံရည်မှန်းချက်တူညီတဲ့ အင်အားစု အသီးသီး ဆုံဆည်းပြိးတော့ ဆွေးနွေးဆုံးဖြတ်တဲ့ သဘောတူညီချက်ကို ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ လက်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ ရည်မှန်းချက်က ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ထပ်တူထပ်မျှဖြစ်တယ်ဆိုတာကို ပြောကြားချင်ပါတယ်။
🟦လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်းက လူငယ်တွေကို စစ်တပ်က စစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်းနေတယ် ။ လူငယ်တွေအတွက် PUFက ဘာတွေ ကူညီလုပ်ဆောင်ပေးနိုင်မလဲ ။ ဘယ်လို သတင်းစကားပေးချင်လဲ။
🟥ဧရာဝတီတိုင်းရဲ့ စစ်ရေးအခြေအနေက အာရက္ခတပ်တော် AA နဲ့ဖက်ဆစ် စစ်ကောင်စီကြားမှာ လက်ရှိပြင်းထန်လာတယ်ပေါ့နော်။ အဲ့လိုမျိုး ဖြစ်လာတဲ့နဲ့အမျှ စစ်တပ်က ပြောရရမယ်ဆိုရင်တော့ တောက်လျှောက် အင်အားတွေပြုန်းတီးနေတယ်၊ တောက်လျှောက်သူတို့လူတွေ လက်နက်ချ စိတ်ဓာတ်တွေပျက်ယွင်းပြီး သေဆုံးတာတွေ ဖြစ်တယ်ပေါ့နော်။ ဒါတွေကိုကုစားဖို့အတွက် တိုက်ပွဲဖြစ်ရာ အနီးအနားကလူတွေနဲ့ ဧရာဝတီတိုင်းထဲက လူငယ်တွေကို အဆင်းအဓမ္မ စစ်သားစုဆောင်းရေးလုပ်တယ်ပေါ့၊ ကျွန်တော်တို့ အရပ်စကားနဲ့ဆိုရင် ပေါ်တာဆွဲတယ်ပေါ့။ ဒီလိုမျိုးဟာတွေကို ဆက်တိုက်ပြုလုပ်နေ တယ်ဆိုတာကို ကျွန်တော်တို့ အခုချိန်မှာ ကြားသိရပါတယ်။
အခုကဘယ်လောက်ထိပါ အခြေအနေဆိုးနေလဲဆိုရင် အသက် ၁၈ ကနေ ၃၅ ဝန်းကျင်အတွင်း ရှိသမျှလူငယ်မှန်သမျှကို ယောက်ကျားလေး မိန်းကလေး မရွေးဖမ်းဆီးပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းရေး လုပ်နေတယ်ဆိုတဲ့ သတင်းတွေပါ ကျွန်တော်တို့ ကြားသိရတယ်ပေါ့နော်။ အဲ့လိုမျိုးအခြေအနေပေါ့နော့်၊ ဒီနေရာမှာ စစ်မှုထမ်း ဥပဒေ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြောချင်တာက အရင်ကဆိုလို့ရှိရင် လူငယ်တွေက အိမ်မှာမရှိတော့ဘူးဆိုရင် မိဘတွေက ဒီလူငယ်၊ ဘယ်သွားတာလဲ ဘာဖြစ်တာလဲ ဆိုပြီး စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ် အခုကာလကကျတော့ မတူတော့ဘူးဗျ။ လူငယ်တွေ အိမ်မှာရှိနေရင်ကို ငါတို့သားသမီးတွေကို ဘယ်အချိန်စစ်မှုထမ်းဖို့လာ ခေါ်မလဲဆိုပြီးတော့ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတဲ့ အခြေအနေကို‌ရောက်ရှိလာပြီဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးထားချင်ပါတယ်။
ကျွန်တော်တို့အတွက်ကတော့ ရွေးစရာလမ်းက တခုပဲရှိတော့တယ်ပေါ့နော့်။ လက်ရှိရဲ့တခုတည်းသော အဖြေကတော်လှန်ရေးသာဖြစ်တယ် ဆိုတဲ့ အခြေအနေမျိုးတခုကို ကျွန်တော်တို့ ရောက်လာနေပြီဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ကတော့ ဒီစစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးတော့ ပေါ်တာဆွဲတာကို ဆန့်ကျင်တယ်။ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ခံရတယ်ဆိုတဲ့ အခြေအနေကနေ ရှောင်ရှားချင်တယ် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲထဲမှာ ပါဝင်ချင်တယ်ဆိုတဲ့ လူငယ်တွေကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်မရွေး ယောက်ကျားလေး မိန်းကလေးမရွေး ကျွန်တော်တို့အနေနဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦးက နွေးနွေးထွေးထွေး ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ပြောချင်တယ်ပေါ့နော်။ ဒီနေရာမှာ နောက်ကျသည် စောသည်ဆိုတဲ့ဟာမျိူ’ မရှိပါဘူး။
လက်ရှိကာလရဲ့ တခုတည်းသော အဖြေက တော်လှန်ရေးပဲဖြစ်တယ်။ ဒီတော်လှန်ရေးထဲကို ပါဝင်လာဖို့အတွက် ကျွန်တော်တို့အတွက် အချိန်အားဖြင့် စောသည် နောက်ကျသည်ဆိုတာက အရေးမကြီးပါဘူး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်ကပဲ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ ပြောချင်ပါတယ်။
စစ်မှုထမ်း ဥပဒေကိုအကြောင်းပြပြိးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းရေး အလုပ်ခံရတဲ့ အခြေအနေ တနည်းအားဖြင့် ပေါ်တာဆွဲတာက နေရှောင်ရှားချင်တဲ့ လူငယ်တွေ တော်လှန်ရေးလုပ်ချင်တဲ့ လူငယ်တွေကို ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်ဆိုတဲ့ အကြောင်းနဲ့ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးကို အချိန်မရွေးပြောဆို ဆက်သွယ်လို့ရပါတယ် ကျွန်တော်တို့ လမ်းခရီးလာမယ်ဆိုတဲ့ လူငယ်တွေ လာမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်သစ်တွေရဲ့ လမ်းခရီးလုံခြုံရေးကအစ အာမခံပါတယ် အပြည့်အဝ အာမခံပါတယ်ဆိုတဲ့အကြောင်းကို ပြောကြားချင်ပါတယ်။
🟦စစ်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖေါ်တဲ့ နေရာမှာ ဒေသခံပြည်သူလူထုအတွက် အထိအခိုက် အပျက်အစီးနည်းစေဖို့ ဘယ်လိုစဉ်းစားချက်ရှိလဲ ၊ လူထုအတွက် ဘယ်လို သတင်းစကားပါးချင်လဲ။
🟥ကျွန်တော်တို့စစ်ရေးရည်မှန်းချက်ဆိုတာထက် ကျွန်တော်တို့ ဒီစစ်ရေးမူဝါဒမှာ ကျွန်တော်တို့ ဘာရှိလဲပေါ့နော်။ ကျွန်တော်တို့ တိုက်ပွဲဖော်ဆောင်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အခြေအနေကို အရင်ဆုံး ဦးစားပေးစဉ်းစားမယ်ဆိုတဲ့ အခြေအနေမျိုးတခုကို ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒါက ပြည်သူ့ညီညွတ်ရေးတပ်ဦး တခုလုံးရဲ့ သဘောထားဖြစ်တယ်ပေါ့နော်။ ပြောရရင် ကျွန်တော်တို့ အခြေစိုက်ဒေသတွေမှာရှိတဲ့ ဒေသခံ ပြည်သူလူထု ဒီနေရာမှာ လူမျိုးစု ပြည်သူတွေပါ အပါပေါ့နော်။ ဒီပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ကျွန်တော်တို့ ဦးစားပေးပြီးတော့ စဉ်းစားသွားမှာဖြစ်တယ်ပေါ့နော်။ မလွဲသာမရှောင်သာလို့ အထိခိုက်တွေရှိလာပြီ လူထုရဲ့ ပြောရရင်ပေါ့နော် လက်ရှိတော်လှန်ရေးမှာ ကြုံနေရတဲ့ အခြေအနေ လိုမျိုးပဲပေါ့နော်၊ တော်လှန်ရေးတပ်တွေကဝင်တယ်၊ လှုပ်ရှားတယ်၊ ရန်သူနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တယ်၊ အဲ့ဒီအချိန်မှာ စစ်တပ်ဘက်က ရွာတွေကို မီးရှို့တယ်။ စသဖြင့် ဒီလိုအခြေအနေတွေဟာ ဧရာဝတီတိုင်းမှာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မပြောလိုဘူး။ ဒါဟာဖြစ်လာနိုင်တယ်။
မဖြစ်မနေကို ရင်ဆိုင်ရမယ့် အခြေအနေတွေဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆတယ်ပေါ့နော်။ တကယ်လို့ အဲ့လိုမျိုး ထိခိုက်တွေဖြစ်လာပြီ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်လာပြီဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ပေါင်းစုအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ကိစ္စတွေကိုပါ ကျွန်တော်တို့ စဉ်းစားထားမှု ရှိတယ်ဆိုတာကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောလိုတယ်။ လူထုကို ထိခိုက်စေမယ့် ပြည်သူလူထုကို နစ်နာစေမယ့် စစ်ရေးဖော်ဆောင်မှုတွေကို ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ရှောင်ရှားသွားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့ တလက်စတည်း ပြောကြားချင်ပါတယ်။ ပြည်သူ့ညီညွတ်ရေး တပ်ဦးရဲ့ နိုင်ငံရေး စစ်ရေးတိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါမှာ ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ ဧရာဝတီတိုင်းထဲမှာရှိတဲ့ ပြည်သူလူထုရဲ့ ဆန္ဒသည်သာ အဓိက အခရာဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကိုပဲ ကျွန်တော်တို့ ပြောကြားချင်ပါတယ်ခင်ဗျ။
🟦စစ်ရေးမဟာမိတ်အတွက် ဘယ်လိုမူဝါဒထားရှိပါသလဲ။
🟥ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေး မူဝါဒကတော့ရှင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ ကိုယ်တိုင်က ဒေသတပ်ပေါင်းစုဖြစ်တယ်ဆိုတဲ့ အခါမျိုးမှာ ကျွန်တော်တို့ကတော့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုတဲ့ တပ်ပေါင်းစုမူကိုပဲ အဓိက ကိုင်စွဲပါတယ်ပေါ့နော်။ ဒီနေရာမှာ ကျွန်တော်တို့ တလက်စတည်း ရှင်းရှင်းလင်းလင်းပြောချင်တာက ပြည်သူ့ညီညွတ်ရေးတပ်ဦးမှာ မဟာမိတ်ဆက်ဆံရေး မူဝါဒလည်း ရှိပြီးဖြစ်တယ်ပေါ့နော်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အင်အားစုနဲ့မဆို မဟာမိတ်အဖြစ် မိတ်ဖက်အဖြစ် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်ဆိုတာ မျိုးကိုလည်း ကျွန်တော်တို့ ပြောကြားချင်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ နေရာမှာလည်း မဟာမိတ်အင်အားစုတွေနဲ့ အတူတူဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့မှာ ဆုံးဖြတ်ချက်ထားရှိတယ် ဆိုတဲ့ဟာမျိုးကိုလည်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောဆိုပါရစေ။ ဒါပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ သဘောထားဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့က တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့ အခြေခံပေါ်မှာပဲ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ သွေးစည်းညီညွတ်စွာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲကို ဆင်နွှဲဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက် ထားရှိပါတယ်။
🟦PUF ရဲ့ ဘဏ္ဌာရေး မူဝါဒကိုရောရှင်းပြပါဦး၊ တပ်ရပ်တည်ရေးအတွက် ဘာတွေ ဆောင်ရွက်ထားပါသလဲ။
🟥ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးမှာ ဘဏ္ဍာရေးမူဝါဒထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အသက်သွေးကြောကတော့ ပြည်သူလူထုပဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ လှုပ်ရှားတဲ့ ဒေသတွေမှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ ဒီထောက်ပံ့ကူညီမှုနဲ့ပဲ ကျွန်တော်တို့ လက်ရှိပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ ရပ်တည်ပါတယ်။ အမြဲတမ်းပြည်သူလူထုရဲ့ အားပေးကူညီမှုနဲ့ပဲ ရပ်တည် အသက်ဆက်သွားမယ့် အခြေနေဖြစ်ပါတယ်။ လက်ရှိမှာကတော့ ရုန်းကန်ရမှုတွေရှိတယ်။ ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်။ ရန်ပုံငွေလိုအပ်ချက်တွေ အများကြီး အများကြီးရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့လက်ရှိ အခြေအနေထိကတော့ ပြည်သူလူထုရဲ့ ပံပိုးကူညီမှု ဒီမဟာမိတ် တော်လှန်ရေး အင်အားစုတွေ လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီ အားပေးမှုတွေနဲ့ပဲ ကျွန်တော်တို့ ရပ်တည်ဆောင်ရွက် နေရတာ ဖြစ်ပါတယ်။
🟦စစ်ကောင်စီဦးဆောင် လုပ်မယ့် ရွေးကောက်ပွဲအပေါ် သဘောထားနဲ့ ဘယ်လိုရပ်တည်တုန့်ပြန်ဖို့ ပြင်ဆင်ထားပါသလဲ။
🟥စစ်ကောင်စီက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲပေါ် သဘောထားပေါ့နော်။ ပြောရလို့ရှိရင် ပြည်သူလူထုရဲ့ သဘောထားဆန္ဒမပါပဲနဲ့ လုပ်တဲ့ ဘယ်အရာကမှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးအနေနဲ့ ရှင်းရှင်းလင်းလင်း လက်ရှိအခြေအနေကတည်းက ကျွန်တော်တို့ ပြောကြားလိုပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ ရပ်တည်မှုကလည်း ပြည်သူလူထုရဲ့သဘောထားနဲ့ပဲ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းပဲဖြစ်တယ်ဆိုတာမျိုးလည်း ဒီနေ့ နွေဦးတော်လှန်ရေးက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ လူထုရဲ့ သဘောထားဆန္ဒမပါပဲလုပ်တဲ့ အရာတွေ ဘယ်အရာကမှ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲ့ဒီတိုင်းပဲ လူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်ပြီး ရန်သူအင်အားစုဘက်ကလုပ်ဆောင်တဲ့ ဘယ်အရာကိုမဆို ကျွန်တော်တို့ ဆန့်ကျင်သွားမယ်ဆိုတာကို တပါတည်းပြောကြားလိုပါတယ်။ အဲ့ဒီအတွက်လည်း ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ လက်ရှိအခြေအနေကတည်းကလည်း ပြင်ဆင်ဆောင်ရွက်ထားပြီဆိုတာကို ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးရဲ့ သဘောထားအမြင်က လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အသံနဲ့ ထပ်တူထပ်မျှပဲဖြစ်ပါတယ်။
🟦ဖြည့်စွက်ပြီး သတင်းစကားပါးချင်တာရှိရင် ပြောပြပေးပါ။
🟥ကျွန်တော်တို့အနေနဲ့ ဖြည့်စွက်ပြောချင်တာက လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အခက်အခဲ အထွေထွေ အကျပ်အတည်း ပြဿနာတွေရဲ့ အဓိကလက်သည် တရားခံက စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်ပါ့နော်။ ဒါကြောင့်မို့လို့ ယနေ့ကာလမှာ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အဓိက သမိုင်းဆိုင်ရာ တောင်းဆိုတဲ့ တောင်းဆိုချက်အားဖြင့် ဒါမှမဟုတ် သမိုင်းပေးတာဝန်အရလည်းကောင်း ကျွန်တော်တို့ အခြေအနေအရ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လမ်းကိုပဲ ရွေးချယ်စရာရှိတယ်ပေါ့နော်။ စီးပွားရေးအရာလည်း တဖြေးဖြေးကြပ်တည်းလာနေတယ်။ စားဝတ်နေရေး ကုန်ဈေးနူန်းကြီးမြင့်မှုဆိုင်ရာ ကိစ္စတွေလည်း တရက်ထက် တရက်ပိုပြီးတော့ ဆိုးလာတယ်ဆိုတဲ့ အခြေအနေတွေကို ပြည်သူလူထုကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်တယ်ပေါ့နော်။ ဒါအပြင် ပြည်သူလူထုရဲ့နေ့စဉ် အသက်ရှင်နေထိုင်ရေးမှာပါ အတားအဆီး အဟန့်အတားသဖွယ်ဖြစ်လာတဲ့ ဒီမတရားစစ်မှုထမ်း ဥပဒေကိုလည်း ကျွန်တော်တို့ ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုပါတယ်။
ဒီမတရား စစ်မှုထမ်း ဥပဒေကို လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနဲ့ လက်တွဲပြီး ပြည်သူ့ညီညွတ်ရေးတပ်ဦးအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီစစ်မှုထမ်း ဥပဒေကနေ တိမ်းရှောင်လိုတဲ့ လူငယ်တွေ စစ်မှုထမ်းဥပဒေကနေ ရှောင်ထွက်လိုတဲ့ လူငယ်တွေကို ကျွန်တော်တို့ ပံ့ပိုးကူညီမှုတွေလုပ်ပေးနိုင်ဖို့အတွက် ပြည့်ပြည့်ဝဝ ကျွန်တော်တို့ စဉ်းစားကြစေချင်တယ်ဆိုတာကို ကျွန်တော်တို့ အလေးအနက် မေတ္တာရပ်ခံချင်တယ် အကြံပြုချင်ပါတယ်။ ပြည်သူ့ညီညွတ်ရေးတပ်ဦး အနေနဲ့လည်း ပေါ်တာဆွဲတဲ့ရန်ကနေ ကာကွယ်ချင်တဲ့ ရှောင်ရှားလိုတဲ့ လူငယ်တွေ မည်သူ့ကိုမဆို ကျွန်တော်တို့ လက်ခံကြိုဆိုပါတယ်။ ကျွန်တော်တို့ နွေးနွေးထွေးထွေးလက်ခံကြိုဆိုသွားမှာဖြစ်တယ်။ အထူးသဖြင့် ဒီကနေ့ကာလမှာ နောက်ကျမှ တော်လှန်ရေးထဲဝင်သည် အရင်စောပြီး တော်လှန်ရေးထဲဝင်သည်ဆိုတာမျိုးတွေက အဓိက မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး စိတ်ဓာတ်သည်သာ အဓိကကျတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ချေမှုန်းမယ့် ခိုင်မာတဲ့ သံဓိဌာန်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ယောက်ကျားလေး မိန်းကလေးမရွေး ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေးတပ်ဦးက လက်ခံကြိုဆိုပါတယ်။ အဲ့ဒီဟာမှာလည်း လာရောက်ဆက်သွယ်လိုတဲ့ လူငယ်တွေ အနေနဲ့လည်း စိတ်ချရတဲ့ signal တို့ telegram တို့ လိုချန်နယ်တွေကနေ ကျွန်တော်တို့ကို လာရောက်ဆက်သွယ် ချိတ်ဆက်လို့ ရပါတယ် ပြောဆိုမေးမြန်းလို့ရပါတယ်။
ကျွန်တော်တို့အနေနဲ့ လမ်းကြောင်း လုံခြုံရေးကိုလည်း အပြည့်အဝအာမခံပြီးတော့ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းရေးအတွက် ပေါ်တာဆွဲခံရမယ့်ရန်ကိုရှောင်ကြမယ့် ကျွန်တော်တို့ ရဲဘော်အသစ်တွေနဲ့ အတူတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော်တို့ ပြောကြားလိုပါတယ်။ ပြောရရင် ကျွန်တော်တို့ ပြည်သူ့ညီညွတ်ရေး တပ်ဦးမှာ ဆိုလို့ရှိရင်လည်း လက်ရှိအခြေအနေထိ စစ်မှုထမ်းဥပဒေ ကနေရှောင်ရှားလိုတဲ့ လူငယ်‌တွေ ပေါ်တာဆွဲတာကို ဆန့်ကျင်ပြီးတော့ တော်လှန်ရေးလုပ်ချင်တဲ့ လူငယ်တွေလည်း ချိတ်ဆက် ဆက်သွယ်မှုတွေ အများကြီးရှိနေပါတယ်။
အခုဆိုရင် မိန်းကလေးတွေပါ ပေါ်တာဆွဲလာပြီဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့မှာ လက်ရှိအခြေအနေအရ ရွေးစရာ အဖြေက တခုတည်းပဲရှိပါတယ်။ ဒါက တော်လှန်ရေးထဲလာရောက် ပူးပေါင်းဖို့ဖြစ်တယ်ဆိုတဲ့ အဖြေမျိုးပဲရှိတယ်လို့ ကျွန်တော်တို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီကနေ့ကာလရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး အတွက်တိုက်ပွဲ ဝင်သွားမယ်ဆိုတာကို ပြည်သူလူထုကို အလေးအနက် ကတိပေးလိုပါတယ်။