အာဏာရှင်ကို ဘက်ပြောင်းတော်လှန်နေတဲ့ ရေသူရဲဖြူဖွေး

ဖေဖော်ဝါရီ ၊ ၁၅

လွန်ခဲ့တဲ့လေးနှစ်လောက်ကနေ့ရက်တချို့ကို ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဖြူဖွေးအမှတ်ရနေဆဲပါ။

ဖြူဖွေးဆိုပေမယ့် သူ့နာမည်အရင်းတော့မဟုတ်ပါဘူး။ သူနာမည်ကတော့ လှလှပပပါပဲ။ ဇွဲသူရကိုကိုလို့ ခေါ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကို ကိုဇွဲသူရကိုကိုဟာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ ဂျိတ်လက် ကျေးရွာသားပါ။

သူ့ရဲ့မိဘတွေက ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ သာမန်ပြည်သူတွေပါပဲ။ သူဟာ ပင်လယ်ပြင်မှာ ကြီးပြင်းခဲ့လို့ (ရေသရဲလို့ခေါ်ကြ)အသားအရည်က မဲပါတယ်။ ဒါကြောင့်လည်း ဖြူဖွေးဆိုတဲ့နာမည်ပြောင် ကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။

ဖြူဖွေးလို့ခေါ်ကြတဲ့ ကိုဇွဲသူရကိုကိုက ရဲတပ်သားတဦးဖြစ်ပြီး ဂျိတ်လက်ကျေးရွာအုပ်စုမှာ နယ်ထိန်း အဖြစ်တာဝန်ယူနေရတာလည်းဖြစ်ပါတယ်။

သူမေ့မရတဲ့ လွန်ခဲ့တဲ့လေးနှစ်က နေ့ရက်တွေဆိုတာကတော့ ၂၀၂၁ ဇန်နဝါရီ ၃၁နဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ကို ဆိုလိုတာပါ။ ဖေဖော်ဝါရီ ၁ရက်ကတော့ အားလုံးသိကြတဲ ပြည်သူ့အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့၊ ပြည်သူတရပ်လုံး အမှောင်ထုအောက်ကျရောက်ခဲ့တဲ့နေဖြစ်ပါတယ်။

အဲဒီနေ့ရက်တွေကို ကိုဇွဲသူရကိုကို(ခေါ်) ဖြူဖွေးတယောက် စဥ်းစားလိုက်တိုင်း ထင်ထင်ရှားရှား မြင်ယောင် အမှတ်ရနေဆဲပါ။

ဖေဖော်ဝါရီ ၁၊ ၂၀၂၁

ပုသိမ်မြို့ကို အစည်းအဝေးသွားရမှာ ဖြစ်ပေမယ့်လည်း မနက် ၇ နာရီထိုးတဲ့အထိ ကိုဇွဲသူရကိုကို တယောက် အိမ်ယာကနေထလို့ မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မနေ့က (ဇန်နဝါရီ ၃၁)တနေ့လုံး ပန်းတ မော့ကျွန်းပေါ်မှာ သူ့အနေနဲ့ တနေကုန်တစ်နေခမ်း အလုပ်တွေလုပ်ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ပန်းတမော့ကျွန်းဆိုတာကတော့ ပုသိမ်ခရိုင် ၊ ရွှေသောင်ယံမြို့နယ်ခွဲ ၊ ဂျိတ်လက်ကျေးရွာနဲ့ အနီးဆုံးမှာ ရှိတဲ့ ကျွန်းတခုပါ။ ဒေါ်အောင်ဆန်းစုကြည်ကျွန်းအဖြစ် အသိအမှတ်ပြုဖို့ ဒေသခံတွေအပါအဝင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကပါ အတည်ပြုထားတဲ့ကျွန်းလည်းဖြစ်ပါတယ်။

နယ်ထိန်းဖြစ်တဲ့ကိုဇွဲသူရကိုကိုကတော့ဒေါ်အောင်ဆန်းစုကြည်ကျွန်းဖွင့်ပွဲအတွက် နယ်မြေခံလုံခြုံရေးမှာ အဓိကတာဝန်ရှိတဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်သူဟာ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ဒေသခံတွေနဲ့အတူ တနေ့လုံး ပန်းတမော့ကျွန်းပေါ်မှာ အလုပ်တွေရှပ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ သူတင်မက တနိုင်လုံး အမှောင်ဖုံးသွားစေတဲ့ သတင်းစကားတခုကို ကိုဇွဲသူရကိုကိုတယောက် စကြားသိလိုက်ရပါတယ်။

“အမေက အိမ်ပေါ်ပြေးတက်လာပြီး သမ္မတကြီးနဲ့ အမေစုကို ဖမ်းသွားပြီလို့ပြောတော့  ကျွန်တော်က အမေ့ကို ပေါက်ကရတွေမပြောနဲ့လို့ ပြန်ပြောလိုက်သေးတယ်” လို့ အာဏာသိမ်းခံရတဲ့နေ့ရက်က အဖြစ်အပျက်ကို သူကပြန်လည်ပြောပါတယ်။

“နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံကို ဘယ်လိုလူမျိုးကဖမ်းရဲမှာလဲ။”

ကို ဇွဲသူရကိုကိုတစ်ယောက် အတွေးပေါင်းများစွာနဲ့ ဂျိတ်လက်ကျေးရွာထဲကို လမ်းလျောက်ထွက်ခဲ့ ပါတော့တယ်။

ကျေးရွာဒေသခံတွေက ဟိုတစု ၊ ဒီတစုနဲ့ တီးတိုးပြောနေကြတာကို သူမြင်နေရပေမယ့်လည်း ဘာစကားမှတော့ မပြောဖြစ်ခဲ့ပါဘူး။

ကျေးရွာဒေသခံတွေက ရဲတစ်ယောက်အပေါ်ကြည့်တဲ့အကြည့်ကလည်း အရင်ပုံစံမဟုတ်ဘဲ ပုံစံတမျိုး ပြောင်းနေတာကို သတိထားမိလိုက်တယ်လို့ သူကပြောပါတယ်။

ဖုန်းလိုင်းတွေပျက်တောက်နေကြဖြစ်တဲ့ ဂျိတ်လက်ကျေးရွာမှာ အာဏာသိမ်းတယ်ဆိုတာ အတည် ပြုဖို့က မလွယ်ကူသေးတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါပေမယ့်လည်း မနက် ၈ နာရီ ရုပ်သံသတင်းကတော့ အာဏာသိမ်းလိုက်ပြီဆိုတာကို အတည်ပြုပေးလိုက် ပါတယ်။ ကိုဇွဲသူရကိုကိုကတော့ သူချစ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းခေါ်သွားတာနဲ့ ပတ်သက်လို့ အလွန်ဒေါသထွက်နေခဲ့ပါတယ်။

နောက်ပြီးသူတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ကလည်း စစ်တပ်လက်ကိုင်တုတ်အနေနဲ့ ရှေးယခင်ကလို ပြည်သူ မုန်းတဲ့ ရဲတပ်ဖွဲ့ပြန်ဖြစ်လာတော့မယ်လို့တွေးမိလိုက်တိုင်းလည်း ဝမ်းနည်းရပြန်ပါတယ်။ နောက်ဆုံး တော့ ဇွဲသူရကိုကိုတစ်ယောက် CDM ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒါ့ကြောင့် အဏာသိမ်းပြီး ၇ ရက်မြောက်တဲ့နေ့ကတည်းက ဇွဲသူရကိုကိုတယောက် ရဲစခန်းကိုစွန့်ခွာ ပြီး အာဏာရှင်ကိုတော်လှန်နေခဲ့တာ အခုထိတိုင်ပါပဲ။ လက်ရှိအချိန်မှာဆိုရင်တော့ သူဟာ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)ရဲ့တိုင်း စစ်ဌာန (ဧရာဝတီ) ၊ ဗျူဟာ ၂၉ လက်အောက်က စစ်ကြောင်းတခုမှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်း ဆောင်နေတာပါ။

 

ရေသူရဲရဲ့ ဇာတ်ကြောင်း

ဖြူဖွေး (ခေါ် )ကိုဇွဲသူရကိုကိုက ရဲတပ်ဖွဲ့ထဲဝင်ရောက်ခဲ့ပေမယ့် သူ့ဝါသနာကတော့ ပြဒါးတလမ်းသံတလမ်း တခြားတခုပါ။

ဧရာဝတီတိုင်း ၊ သာပေါင်းမြို့မှာ အထက်တန်းကျောင်းတက်ခဲ့တဲ့ ကိုဇွဲသူရကိုကိုရဲ့ အဓိကဝါသနာကတော့ လူရွှင်တော်ဖြစ်ချင်တာပါ။ ပျော်ပျော်နေတက်ပြီး စကားပြောသွတ်လပ်တဲ့ ဇွဲသူရကိုကိုဟာ ဝါသနာထုံ တဲ့ လူရွှင်တစ်ယောက်ဖြစ်သင့်ပေမယ့်လည်း လက်တွေ့မှာတော့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မိဘတွေ ၊ ဆွေမျိုးတွေရဲ့တိုက်တွန်းချက်တွေကြောင့် သူဟာ ဝါသနာမပါတဲ့ ရဲတပ်ဖွဲ့ထဲကို ၂၀၁၆ ခုနှစ်မှာ ရောက်ရှိသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထဲမရောက်ခင် တနှစ်လောက်အတွင်းမှာ သူဟာ လူရွှင်တော်ဖြစ်ဖို့ ဆရာတချို့ဆီမှာ တပည့်ခံပြီးလေ့လာခဲ့ပါသေးတယ်။

ဒါ့ပြင်ဖခင်နဲ့အတူ ရေလုပ်ငန်းခွင်ထဲမှာလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်တက်ပြီး ကြုံရာအလုပ်တစ်ချို့ကိုလည်း ရဲထဲမဝင်ခင် သူကလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဝက်ထီးကန် အမှတ် ၂ ရဲ လေ့ကျင့်ရေးကျောင်းကို ရောက်သွားခဲ့တာပါပဲ။

ရဲလေ့ကျင့်ရေးကျောင်းရဲ့ အပတ်စဉ် ၃၀၅ သီဟတပ်ခွဲမှာ ၆ လအထိ သင်တန်းတက်ရောက်ပြီးတဲ့ နောက်မှာတော့ ဇွဲသူရကိုကိုဟာ မကွေး အမှတ် ၂၅ လုံခြုံရေးရဲတပ်ရင်းကို ရောက်ရှိသွားပါတော့တယ်။ သူဟာ ဘူးသီးတောင် ၊ မောင်းတော ၊ နေပြည်တော် ၊ မန္တလေး ၊ ပြင်ဦးလွင် အစရှိတဲ့တည်နေရာတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အထူးသဖြင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ရဲ့ လမ်းကြောင်းတွေမှာ လုံခြုံရေးကာကင်း အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတာပါပဲ။ မကွေး အမှတ် ၂၅ လုံခြုံရေးရဲတပ်ရင်းမှာ ၂ နှစ်တာဝန်ထမ်း ဆောင်ပြီးချိန်မှာတော့ ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့နယ်ခွဲ ၊ မကျီးဇင်ရဲစခန်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပါ တယ်။

မကျီးဇင်ရဲစခန်းကို ရောက်ရှိပြီး ရှစ်ရက်အကြာမှာတော့ သူမွေးဖွားရာကျေးရွာဖြစ်တဲ့ ဂျိတ်လက်ကျေး ရွာအုပ်စုမှာ နယ်ထိန်းအဖြစ်တာဝန်ပေးအပ်ခြင်းခံရပါတော့တယ်။ နယ်ထိန်းသက်တမ်းတစ်လျောက်မှာ ကျွန်တော်ကြောင့် ဘယ်သူ့မှ ဒုက္ခမရောက်ဖူးခဲ့တာကြောင့် ကျွန်တော်ကိုယ်ကျွန်တော် ဒီနေ့အထိ ရဲဘဝနဲ့ပတ်သက်ပြီး လိပ်ပြာလုံတယ်လို့ ကို ဇွဲသူရကိုကိုက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ဂျိတ်လက်ကပြည်သူတွေဟာ အာဏာရှင်ကိုဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နယ်ထိန်းဖြစ်တဲ့ ဇွဲသူရကိုကိုကတော့ လုံခြုံရေးပေါ့။ ဖေဖော်ဝါရီ လ ၆ ရက်နေ့ ရောက်တော့ ဇွဲသူရကိုကိုတစ်ယောက် မနေနိုင်တော့ပါဘူး။ မိုက်ကိုင်ပြီးတော့ ရှေ့ဆုံးက နေ ဆန္ဒပြတဲ့ အဆင့်ကို ရောက်ရှိသွားပါတော့တယ်။

သူဟာ အာဏာမသိမ်းခင်ကတည်းက အာဏာရှင်ကိုတော်လှန်ခဲ့သူလည်းဖြစ်ပါတယ်။ အာဏာမသိမ်းခင် စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အာဏာသိမ်းမယ်ဆိုတာကို အရိပ်အယောင်အနေနဲ့ ထုတ်ဖော်ပြောဆိုခဲ့စဉ်က ဇွဲသူရကိုကိုဟာ အာဏာတော့မသိမ်းနဲ့ စခန်းကအမှိုက်တွေလာသိမ်းလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို စခန်းမှူးက ခေါပြီးကြိမ်းတာလည်းခံဖူးတာပါ။

အာဏာသိမ်းပြီးနောက်မှာလည်းရဲလုပ်ငန်းကိုစွန့်ခွာကာ ပြည်သူဘက်ကို ပူးပေါင်းလိုက်တဲ့ သူ့ကို အာဏာရှင် တွေက သဘောမကျပါဘူး။ ဒါကြောင့် သူအိပ်ပျော်နေစဉ်မှာ သေနက်ပစ်ဖောက်ပြီး ပိတ်ဆို့ဖမ်းဆီး ပါတော့တယ်။ ကံကောင်းစွာနဲ့ပဲကို ဇွဲသူရကိုကိုတစ်ယောက် လွတ်မြောက်ခဲ့တာပါ။

ဒါ့အပြင်သူက ကျွန်တော် UG အဖွဲ့တွေနဲ့ ချိတ်ဆက်မိပြီးတော့ ရန်ကုန်မှာ ဖောက်ခွဲရေးအလုပ်တွေကို သွားပြီးလုပ်နေခဲ့တာပါလို့ ပထမဦးဆုံးသော တော်လှန်ရေးအလုပ်အကြောင်း ပြောပြပါတယ်။

ရန်ကုန်မှာ မလုံခြုံတော့တဲ့အဆုံးမှာတော့ သူဟာ နေပြည်တော် PDF တပ်ဖွဲ့ထဲကို ရောက်ရှိသွားခဲ့ပါတယ်။

နေပြည်တော် PDF တပ်ဖွဲ့ရဲ့ အစောဆုံးစစ်သင်တန်းမှာ တက်ရောက်ခွင့်ရပြီးနောက်မှာတော့ အဲဒီတပ်ဖွဲ့ မှာပဲ သင်တန်းနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ၂ နှစ်လောက်ကြာတဲ့အခါမှာ ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ ဧရာဝတီတိုင်းတော်လှန်ရေးအဖွဲ့တစ်ခုက သူ့ကို ဖိတ်ခေါ်မှုပြုခဲ့ပါတယ်။

ဒါနဲ့ သူလည်း ကရင်ပြည်နယ်ထဲရောက်သွားပါလေရော။ ဧရာဝတီတော်လှန်ရေးတပ်ဖွဲ့တစ်ခုမှာ တပ်ရင်းမှူး တာဝန်ကို တနှစ်လောက်ထမ်းဆောင်ပြီးတဲ့နောက်မှာတော့ သူဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗျူဟာ ၂၉ ဆီကို ရောက်ရှိလာပါတော့တယ်။

ကျွန်တော် နေပြည်တော် PDF မှာ ရှိတုန်းက ဒဏ်ရာရလိုက်သေးတယ်။ အဲတုန်းကတော့ အနားယူရင်းနဲ့ ကလေးတွေကို စာသင်ပေးတဲ့အလုပ် ၆ လလောက်လုပ်ခဲ့တယ်လို့ ကိုဇွဲသူရကိုကိုက သူ့ဘဝအကြောင်းကို ပြောပြပါတယ်။

ရဲတပ်ဖွဲ့မှာကော တော်လှန်ရေးတပ်ဖွဲ့မှာပါ တိုက်ပွဲတွေဝင်ရောက်ခဲ့တဲ့ ဇွဲသူရကိုကိုဆီမှာ အမှတ်ရစရာတွေ အများကြီးရှိနေပါတယ်။ ရဲတပ်ဖွဲ့မှာ တိုက်ပွဲဝင်ရတုန်းက ကျည်ဆံပုံပေါ်ထိုင်ပြီး စိတ်ကြိုက်ပစ်ခတ်ခွင့်ရ ခဲ့တာကိုလည်း သူ့အနေနဲ့ သတိရနေပါတယ်။ အခုချိန်ရဲတပ်ဖွဲ့မှာ ပြန်လည်တာဝန်ထမ်းဆောင် ရမယ်ဆိုရင်တော့ အသေသာခံလိုက်မယ်လို့ လည်းသူကဆိုပါတယ်။

ဒါ့အပြင်တော်လှန်ရေးတပ်ဖွဲ့မှာ ကျည်ဆံမလုံမလောက်နဲ့ ထွက်ပြေးခဲ့ရတာတွေကိုလည်း သူ့အနေနဲ့ မေ့မရ သေးပါဘူး။

၂၀၂၃ ခုနှစ်က ကော့ကရိတ်မြို့ ကြာပန်းအဝိုင်းအထိ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်သိမ်းပိုက်တော့ ကိုဇွဲသူရကိုကို တယောက်ပါဝင်ခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ကြာပန်းအဝိုင်းမှာ နိုင်ပြီဆိုပြီး ဘောက်တွေဖွင့်ပြီး ကကြတာ မကြာပါဘူး တင့်ကားနဲ့ လိုက်ထုတော့ ကျည်မလုံမလောက်နဲ့ ပြေးရတာပေါ့” လို့ ဇွဲသူရကိုကိုက သူ့ရဲ့အမှတ်တရအရှိဆုံးတိုက်ပွဲ တခုအကြောင်းကို ပြန်လည်ပြောပါတယ်။

 

ရေသူရဲဖြူဖွေးရဲ့ သတင်းစကား

အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တော်လှန်သွားမယ်လို့ ကတိသစ္စာပြုထားတဲ့ ကိုဇွဲသူရကိုကိုဟာ လေး နှစ်တာလုံး သေနက်တခုတည်းကိုပဲ ကိုင်စွဲခဲ့တာမဟုတ်ပါဘူး။ သူဟာ အနုပညာညီအကိုတွေ ၊ ဆရာသမားတွေ နဲ့အတူ နွေဦးငှက်ခါးအငြိမ့်ကို ထောက်ပို့ရန်ပုံငွေအတွက် ကရင်ပြည်နယ်ထဲမှာ ကပြဖျော်ဖြေခဲ့ ပါသေးတယ်။

ဒီလိုအချိန်တွေကတော့ တော်လှန်ရေးကာလမှာ သူ့ဘဝအတွက်အပျော်ရွှင်ရဆုံးအချိန်တွေပါ။ တော်လှန်ရေးကြီး ပြီးသွားခဲ့ရင်လည်း ဇွဲသူရကိုကိုဟာ သူအရမ်းချစ်ရ ၊ သူအရမ်းမြတ်နိုးရတဲ့ လူရွှင်တော်အလုပ်ကိုပဲ အသက်မွေးဝမ်းကြောင်းတခုအဖြစ် လုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ကတော့ ဧရာဝတီတိုင်းအတွက် အရေးကြီးဆုံးတော်လှန်ရေးကာလကို ရောက်ရှိနေတာကြောင့် ဝါသနာတွေကို ခတ္တမေ့ထားတယ်လို့လည်းသူက ဆက်ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကဆိုရင် သူတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မကျီးဇင်ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဒီတိုက်ပွဲက ဧရာဝတီတိုင်းရဲ့ ပထမဦးဆုံးတိုက်ပွဲတရပ်ဆိုရင်လည်း မမှားပါဘူး။

ကိုဇွဲသူရကိုကိုကတော့ မကျီးဇင်တိုက်ပွဲနဲ့ပတ်သက်လို့ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်လို့ ရင်ဖွင့်လာပါတယ်။ တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့တာကြောင့် ဝမ်းသာတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း ချစ်ခင်ခဲ့ရဖူးတဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေ ဒုက္ခတွင်းထဲရောက်ရှိသွားတာကိုတော့ စိတ်ထဲ မှာ မကောင်းပါဘူးလို့ ကိုဇွဲသူရကိုကိုက ဆက်လက်ပြောပါတယ်။

ဒါပေမယ့်လည်း ခံစားချက်တွေကို ဘေးမှာထားပြီး ခံယူချက်နဲ့အတူ အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့အတွက် ဧရာဝတီထဲကို တလှမ်းချင်းဝင်လာနေပြီလို့ သူကသတင်းစကားပါးခဲ့ပါတယ်။