ချောင်းသာမှာ နေအိမ်တစ်လုံးချိတ်ပိတ်ခံရပြီး ပြည်သူတစ်ချို့ဖမ်းဆီးခံရ

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံအချို့ကို PDFနဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးပြီးနောက် နေအိမ်တစ်လုံးကို ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၂၁ရက်နေ့ မနက် ၉နာရီခန့်မှာ ချောင်းသာမြို့ ၂ရပ်ကွက်က နေအိမ်တစ်လုံးကို စစ်အုပ်စုက ဝင်ရောက်ချိတ်ပိတ်ပြီး အိမ်ပိုင်ရှင် အသက်၆၀အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်မြို့အတွင်းမှာ နေထိုင်တဲ့ အမျိုးသား ၅ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၄ရက်နေ့ကတည်းက စတင်ကာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ဒီကနေ့အထိ ပြည်သူ ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

“၁၄ရက်နေ့က မိသားစု၃ဦး၊ ၂၀ရက်နေ့က လင်မယား၂ဦး၊ဒီနေ့၆ဦး အကုန် ၁၁ဦးပေါ့ pdfနဲ့ပတ်သတ်တယ်ဆိုပြီးဖမ်းတာပဲ လာဖမ်းနေတဲ့ကားကတော့ အန်စာတုံးအဖြူ မှန်စတေကာအနက်ကပ်ထားတဲ့ကား”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ဖမ်းဆီးနေတာဟာ စစ်အုပ်စုရဲ့ သတင်းပေးဒလန်တွေရဲ့ မဟုတ်မမှန် သတင်းပေးပို့မှုတွေကြောင့်ဖြစ်ပြီး ဒီအလုပ်တွေကို ရပ်တန်းက ရပ်တန့်ဖို့နဲ့ မရပ်တန့်ရင် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ Beach Defence Forceအဖွဲ့က သတိပေးထားပါတယ်။

နို၀င်ဘာလ ၁၅ရက်နေ့က ပုသိမ်၊ချောင်းသာကားလမ်းပေါ်မှာ ဟိုတယ်နဲ့ ခရီး၀န်ကြီး ယာဥ်တန်းတိုက်ခိုက်ခံရပြီး နောက်ပိုင်း ချောင်းသာကမ်းခြေမှာ လုံခြုံရေးတင်းကြပ်ထားကာ မြို့အ၀င်မှာမသင်္ကာသူတွေကိုဓါတ်ပုံတချို့နဲ့တိုက်ကြည့်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။