ပုသိမ်မြို့အခြေစိုက် အမှတ်(၉၀၇)တပ်တွင်း ပေါက်ကွဲမှုဖြစ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း ပုသိမ်မြို့ အခြေစိုက် အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာတပ်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ မနက် ၉နာရီ ၄၅မိနစ်ခန့်မှာ တပ်တွင်းက ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အနီးဝန်းကျင်က ကျေးရွာတွေကပါ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ သိရပါတယ်။

“အသံကတော်တော်ကျယ်တယ် သူတို့ဘက်ကပြောတာတော့ တပ်ထဲက စက်ယန္တရားတစ်ခုပေါက်ကွဲတာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းက တပ်တွေအပြင် ပုသိမ်မြို့ပေါ်က မီးသတ်ကားအချို့လည်း သွားရောက် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ ဘာ့ကြောင့်ပေါက်ကွဲခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။