ဧရာဝတီတိုင်း ဆားမလောက်မှာ စစ်သားနဲ့ရဲ ပစ်ခတ်မှု ဖြစ်ပွား

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အထက်တန်းကျောင်းရှေ့မှာဒီနေ့ ဇွန်လ ၁၇ရက်နေ့ ညနေ ၃ နာရီခန့်က သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ ဘယ်က စပြီးဖြစ်ကြတာလဲတော့ မသိဘူးဗျ ။ သေနတ်သံတွေကြားမှ ကျွန်တော်တို့လည်း သိရတာ။ သေနတ်သံ ၂ ချက်ကြားရတယ်။ အစက PDF တွေလာပစ်တယ် မှတ်တာ ။ နောက်မှ အချင်းချင်း ပစ်ကြတယ်ဆိုတာ သိရတာ” လို့ဆိုပါတယ်။
ကနဦးစုံစမ်းချက်အရ အမြောက်တပ်(မှော်ဘီ) က ဗိုလ်အဆင့် ၊ ဗိုလ်ကြီးအဆင့်ပါသူတွေဟာ မြန်မာကရင်စုရွာကို မင်္ဂလာဆောင်လာရင်း ၊ အမူးလွန်ကာ ရဲနှစ်ယောက်ကို စပစ်ခဲ့တာလို့ သိရပါတယ်။
ဒီပစ်ခတ်မှုကြောင့် မယ်ဇလီစခန်းက ဒုတပ်ကြပ် မောင်မြင့် အပါအဝင် ၂ ဦး ညောင်တုန်းဆေးရုံကို ရောက်လာတယ်လို့ သိရပြီး ဒဏ်ရာပြင်းထန်းမှု မရှိဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။