မကျီးဇင်လေကြောင်းတိုက်ခိုက်မှု အတည်မပြုနိုင်သေး

Photo – Google map

ဇန်နဝါရီ၊ ၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ရွှေသောင်ယံမြို့နယ်ခွဲ၊ မကျီးဇင်ကျေးရွာမှာတိုက်လေယာဉ်တွေဝဲပျံ နေတာမျိုးရှိပေမယ့် ဗုံးကျဲတိုက်ခိုက်မှု မရှိသေးဘူးလို့ မကျီးဇင်ကနေ တိမ်းရှောင်လာခဲ့သူတွေဆီကနေသိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မကျီးဇင်တိုက်နယ်ကျေးရွာဖက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကျေးရွာတရွာ ပျက်စီးကာ ကျောင်းထိုင်ဆရာတော် တပါးနဲ့ ရဲတဦး သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒီကနေ့ နံနက်အစောပိုင်းကမှ မကျီးဇင်ကနေ ထွက်ခွာလာတဲ့ ကလေးနှစ်ယောက် မိခင်အမျိုးသမီးတဦးက  “ကျွန်မတို့မနက်ကထွက်လာတာ အဲ့ဒီအချိန်ထိ လေယာဉ်နဲ့ဗုံးကျဲတာမရှိသေးဘူး။ ဒါပေမယ့် ပစ်ခတ်မှုတွေတော့ ပိုဆိုးလာတယ် အဲ့ဒါကြောင့် ကြောက်လို့ပြေးလာတာ”  လို့ DNA ကိုပြောပါတယ်။

ဒါအပြင် အဲ့ဒီမှာဖြစ်နေတဲ့ ပစ်ခတ်မှုတွေဟာ စစ်ကောင်စီတပ်အ ချင်းချင်းဖြစ်ပွားနေတာလား၊ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ ထိတွေ့မှုဖြစ်နေတာလားကို သေချာမသိရသေးသလို ဒီပစ်ခတ်မှုတွေ ဖြစ်နေတာဟာ ၄ ရက်လောက်ရှိနေပြီလို့ သူက ပြောပါတယ်။

သူက ဆက်ပြီး  “ရွာတွေကတော့ ပစ်နေကြတော့ ပျက်တာပေါ့။ ပြာကျတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဆရာတော်ပျံလွန်တော်မူတာတော့ မသိဘူး ဟုတ်ရင်လည်း ဟုတ်မှာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက စစ်ရှောင်လာရာလမ်းတလျှောက်မှာ စစ်ဆေးမှုတွေတင်းကြပ်ထားတာကို တွေ့မြင်ခဲ့ရပြီး မကျီးဇင်နဲ့ မိုင် ၄၀ ကျော်ဝေးတဲ့ လက်ရှိနေရာကိုရောက်ဖို့ ဆိုင်ကယ်တတန် ကုန်းကြောင်းတတန် ဖြတ်လာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မကျီးဇင်တိုက်နယ်မှာ ဖုန်းနဲ့အင်တာနက်တွေ ပြတ်တောက်နေတာမို့ အခြေအသေးစိတ်တွေကို စုံစမ်းသိရှိနိုင်ဖို့ ခက်ခဲမှုတွေရှိနေပါတယ်။

 “ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ။ စစ်ရှောင်တွေရှိလာနေပြီဆိုတော့ ဒီဘက်ကိုရောက်မလာနိုင်တဲ့သူတွေကို ကူညီဖို့ဘာညာပေါ့။ ဒါပေမယ့်မလွယ်ဘူး ဆက်သွယ်လို့လည်းမရဘူး သွားလို့လည်းမရဘူး”လို့  လူမှုကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသူတဦးက ဆိုပါတယ်။

လက်ရှိမှာ မကျီးဇင်အနီးက ပြာတိုက်မှာ စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး အခြေအနေကို အသေးစိတ်သိရရှိရဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ သူက ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့လက်အောက်မှာရှိနေတဲ့ လူမှုကွန်ရက် စာမျက်နှာတချို့ကတော့ မကျီးဇင်မှာ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ညတွေမှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ရွာ ပျက်ဆီးသွားပြီး ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မှုကာ ရဲတဦးသေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားတာတွေတွေ့ရပါတယ်။

ဒါပေမယ့် NUGနဲ့နီးစပ်တဲ့ ဒေသတွင်းသတင်းရင်းမြစ်တချိုကတော့ ဒီသတင်းဟာ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ DNA ကိုပြောပါတယ်။

စစ်ကောင်စီလော်ဘီလူမူကွန်ရက်စာမျက်နှာတွေမှာလည်း မကျီးဇင်ရဲစခန်းကို AAပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်တွေက ဘောမိကျေးရွာဖက်အထိဆုတ်ခွာနေရတယ်လို့ ရေးသားနေတာတွေ့ရပါတယ်။

စစ်ကောင်စီနဲ့ AA နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မကျီးဇင်ရွာဟာ သာပေါင်းမြို့နဲ့ မိုင်လေးဆယ်လောက်ကွာဝေးပြီး ကြား ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း(ခမရ) ၃၀၈ တပ်ရင်းဌာနချုပ်ရှိပါတယ်။ 

အမ်းအခြေစိုက် နပခ ဌာနချုပ်အပါအဝင် မကွေး၊ပဲခူးနဲ့ ဧရာဝတီတိုင်း စတဲ့ဒေသသုံးခုနဲ့ထိစပ်နေတဲ့ ရခိုင်ပြည် နယ်ထဲက မြို့နယ်တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ထိစပ်ဒေသတွေအားလုံး မှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေကျယ်ကျယ် ပြန့်ပြန့်ထွက် ပေါ်နေတာလည်းဖြစ်ပါတယ်။