ဇန်နဝါရီ၊ ၁
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGမှာ လက်ရှိအခြေအနေထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဦးဆောင်နိုင်မဲ့ သူတွေ လိုအပ်နေပြီး အစားထိုးတာဝန်ယူနိုင်သူတွေရှိလာရင် တာဝန်လွှဲပေးဖို့အသင့်ရှိနေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးကပြောဆိုလိုက်ပါတယ်။
“အဲ့ဒီအတွက် ကျွန်တော်တို့ဟာ အမြဲလမ်း ဖွင့်ထားကြောင်းလည်းပြောချင်ပါတယ်။ လူထုအတွက်တော်လှန်ရေး တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မဲ့ခေါင်းဆောင်တွေကို ကျွန်တော်တို့ NUG က လှိုက်လှဲစွာကြိုဆို နေပါတယ်”လို့ ဒီကနေ့ထုတ်လွှင့်တဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သူက ထည့်ပြောပါတယ်။
အဲ့ဒီလို ဖိတ်ခေါ်တာနဲ့အတူ လက်ရှိ NUG အစိုးရအဖွဲ့အတွင်း အားနည်းချက်၊ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး မြေပြင်မှာစုစည်းခေါင်းဆောင်နိုင်ဖို့ ဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေတယ်လို့လည်း ယာယီသမ္မတက အသိပေးပါတယ်။
“ဝန်ကြီးဌာနအလိုက် ပြည်တွင်းမှာပြန်လည်အခြေတည်ရမယ့် ခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဆက်လက် ဦးဆောင်မှုပြုစေမှာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအတွက်လိုအပ်တဲ့ဝန်ကြီးဌာနတွေကိုလည်း ပြည်ပမှာ ဆက် လက်ရှိနေစေဖို့လုပ်ဆောင်နေကြောင်းတင်ပြလိုပါတယ်”လို့ သူကပြောပါတယ်။
တော်လှန်ရေးကာလ လေးနှစ်နီးပါးရှိလာချိန် NUG နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေမြင့်တက်လာစေတဲ့ ပသုံးလုံးအဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့လည်း အဲ့ဒီအဖွဲ့အစည်းတွေမှာ စွမ်းရည်နဲ့အရည်အချင်းကန့်သတ်ချက် တွေရှိနေတာကို သိရှိထားတယ်လို့ NUG ယာယီသမ္မတက ဝန်ခံပြောဆိုပါတယ်။
“တော်လှန်ရေးတာဝန်အရပ်ရပ်ကိုလိုအပ်ချက်အရ ကြိုးစားလုပ်ဆောင်ကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဦး ဆောင်ဦးရွက်ပြုမှုလိုအပ်ချက်တွေကြောင့်လည်းကောင်း၊ စနစ်နဲ့ အကျင့်ဆိုး၊စရိုက်ဆိုးတွေရဲ့ ဘေးထွက်ဆိုး ကျိုးကြောင့်လည်းကောင်းပြည်သူအပေါ်ထိခိုက်နစ်နာခဲ့မှုတွေတစုံတရာ ရှိခဲ့တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်”လို့ သူကဝန်ခံခဲ့ပြီး သည်းခံနားလည်ပေးဖို့လည်း တောင်းဆိုပါတယ်။
တဆက်တည်းမှာ အဲ့ဒီမြေပြင် အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ လူမှန်၊နေရာမှန်၊မူကောင်း၊လူကောင်းတွေဖြစ်ရေး ပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်နေတယ်လို့လည်းဆိုပါတယ်။
“ပြည်သူလူထုရဲအသက်သွေးချွေးနဲ့ လုပ်အားတွေကို လေးစားဦးညွတ်ရင်း ဘယ်လိုနိုင်ငံရေးလောကဓံ တွေကြုံ တွေ့သည်ဖြစ်စေ လူထုရဲ့ အကျိုးစီးပွားကိုဖယ်ကျဉ်တဲ့ မည်သည့်လုပ်ရပ်ကိုမျှလုပ်ဆောင်မှာမဟုတ်ဘူးဆိုတာကို လေးနက်တည်ကြည်စွာကတိပြုအသိပေးတင်ပြချင်ပါတယ်”လို့ ယာယီသမ္မတကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်တဲ့ စစ်အုပ်စုကို အမြစ်ပြတ်ဖြုတ်ချနိုင်ရေးဟာ တော်လှန်ရေးအင်အားစု အားလုံးရဲ့ ဗဟိုဦးတည်ချက်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဖြိုချနိုင်ရေးဟာ NUG အစိုးရမှာ အပြည့်အဝ တာဝန်ရှိသလို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့လည်း ယာယီသမ္မတ ဒူဝါ လရှီးလကပြောပါတယ်။
စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံ ရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး၊စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ၂၀၂၅နှစ်သစ်မှာ လက်ရှိထက်ပိုပြီး လက် တွေ့ပြသဖို့အချိန်တန်ပြီလို့လည်းဆိုပါတယ်။
NUG ကိုယ်တိုင်အနေနဲ့လည်း မဟာမိတ်ရေးရာ ကဏ္ဍကိုအခုထက်ပိုပြီး အားစိုက်လုပ်ဆောင်တော့မှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကတဆက်တည်း သတင်းစကားပါးပါတယ်။
ဒီကနေ့ NUG ယာယီသမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်းနေမှုအခြေအနေ၊ မဟာမိတ်ဆက်ဆံရေးတိုးတက်ဖို့လုပ်ဆောင်မယ့်အခြေအနေတချို့၊ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းလာကြဖို့ဖိတ်ခေါ်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကို ဆက်လက်အားပေးထောက်ခံ ကူညီမှုမလုပ်ဖို့ တိုက်တွန်းချက်တွေပါဝင်ပါတယ်။
“နွေဦးတော်လှန်ရေးဟ ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားပြီးဖြစ်ပေမဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ပထဝီနိုင်ငံရေး စဉ်းစားချက်ထဲမှာ ဘေးကျပ်နံကျပ် ဖြစ်နေရတာတွေရှိပါတယ်”လို့ NUG ယာယီသမ္မတ ကပြောပါတယ်။
ဒေသတွင်းနိုင်ငံတွေနဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိအကျိုးစီးပွားအတွက် စစ်ရေးအရရှုံးနိမ့်နေတဲ့စစ်ကောင်စီကို ဆက်လက်ပံ့ပိုးနေတာမလုပ်ဖို့၊နိုင်ငံရေးနဲ့အုပ်ချုပ်ရေးနယ်ပယ်ထဲကနေ မြန်မာစစ်တပ်ထွက်ခွာသွားဖို့ ၊မြန်မာနိုင် ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးမရှည်ဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ သူကတိုက်တွန်းပါတယ်။
“တရားမျှတတဲ့ အခြေအနေ မိမိကြမ္မာကိုမိမိဖန်တီနိုင်တဲ့ အခြေအနေရောက်အောင်လုပ်ဆောင်တဲ့ဖက်ဒရယ် ဒီမို ကရေစီအခြေခံဥပဒေကို ရေးဆွဲပြီးနောက်ကျင်းပတဲ့ ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်ကြောင်း နိုင်ငံတကာကို ဒီနေရာကနေပြတ်ပြတ်သားသား အလေးအနက်ကြေညာ ပြောကြားချင်ပါတယ်”လို့ NUG ယာယီသမ္မတက ပြော ပါတယ်။
တဖက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့ နှစ်သစ်ကူးအတွက် ပြောတဲ့မိန့်ခွန်းမှာတော့ စစ်ကောင်စီဦးစီး ကျင်းပမဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့ လုပ်ဆောင်နေကြောင်းပြောဆိုခဲ့ပြီး ဒီရွေးကောက်ပွဲဟာ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စေလိမ့်မယ်လို့ဆိုပါတယ်။
လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်လိုလားတယ်လို့ကြွေးကြော်နေ ပေမယ့် လက် တွေ့မှာ ကိုယ်ကျိုးအတ္တအခြေခံတဲ့လိုအင်ဆန္ဒသက်သက်အတွက် လက်နက်ကိုင်ပဋိပက္ခဖန်တီးနေ တယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကဝေဖန်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး အကြောင်းပြကာ ဒီမိုကရေစီသဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတယ်လို့ အာဏာသိမ်းပြီးနောက်တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် စိုးမိုးထိန်းချုပ်နယ်မြေအများအပြားလက်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်က ဆိုပါတယ်။