ဂွမြို့ တဖက်ကမ်း မကျေးငူ(မကျီးငူ)အနီးမှာ စစ်ကောင်စီ အချင်းချင်း တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၊ ၂၈

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ တဖက်ကမ်း မီတာ ၄၀၀ ခန့်သာ ဝေးတဲ့ မကျေးငူ(မကျီးငူ)ရွာ အနီးမှာ ဒီနေ့ည ၇ နာရီ ခန့်က စတင်ပြီး စစ်ကောင်စီ အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ရခိုင်အပို့ခံရလို့ ထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ နောက်ကလိုက်ဖမ်းတဲ့ စစ်သားတွေ အပြန်အလှန်ပစ်နေကြပြီ၊ တော်တော်ကြမ်းနေတယ်၊ ရွှေယချိုင်မှာ ကျန်နေတဲ့ ရွာသားတချို့လည်း ပြေးကုန်ကြပြီ”လို့ မကျေးငူ(မကျီးငူ) ဒေသခံတဦးက DNA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်တခုလုံးကို လက်လွှတ်ရမယ့် အခြေအနေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်း ပုသိမ်ကနေတဆင့် ကမ်းခြေပတ်လမ်းကို အသုံးပြုပြီး ချောင်းသာ ၊ မကျေးဇင်(မကျီးစင်)ကျောက်ချွန်တံတားက တဆင့် ရခိုင်ပြည်နယ်ထဲက ဂွမြို့နဲ့ အနီးဆုံး ရွှေယချိုင် ၊ မကျေးငူ(မကျီးငူ)ရွာတွေဆီကို အင်အား ဖြည့်တင်းနေတာပါ။

အဲဒီလို အင်အား ဖြည့်တင်းရာမှာ မကျေးငူ(မကျီးငူ)ရွာ အရောက်မှာ စစ်သား ၆၀ နီးပါး လက်နက်တွေနဲ့ အတူထွက်ပြေးခဲ့တဲ့အတွက် စစ်တပ်က လိုက်ဖမ်းဆီးရင် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေဟာ ညဦးပိုင်း ၇ နာရီခန့်က စတင်ခဲ့ပြီး ၈ နာရီကျော်တဲ့အထိ အသံတွေ ကြားနေရစဲလို့ သိရပါတယ်။

အဲဒီဒေသမှာ အင်တာနက်လိုင်း သိပ်မကောင်းသလို ဖုန်းအဆက်အသွယ်လည်း နေရာတိုင်းမှာ ဆက်သွယ်လို့ မရပဲ နေရာတချို့မှာသာ လိုင်းမိတယ်လို့ သိရပါတယ်။

DNA အနေနဲ့ ဂွဘက်ခြမ်းမှာ ရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီ ဆက်သွယ်အတည်ပြုဖို့ ကြိုးစားပေမယ့် ည ၁၀ နာရီခွဲကျော်တဲ့အထိ အဆက်အသွယ် မရခဲ့ပါဘူး ။

ဂွမြို့ဝန်းကျင်တနယ်လုံးမှာ စစ်ရေးအခြေအနေ ပြင်းထန်နေပြီး အာရက္ခတပ်တော်(AA)က ဂွမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း AA Info Desk ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနဲ့ အင်တာဗျူး ရုပ်သံဖိုင်မှာတော့ မေးခွန်းမေးမြန်းသူက အာရက္ခတပ်တော်(AA)ဟာ ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ စစ်တွေ ၊ ကျောက်ဖြူနဲ့ မာန်အောင် စတဲ့ မြို့ ၃မြို့သာ ကျန်တော့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။