မွေးစားမိဘတွေနှိပ်စက်မှုကြောင့် ဒဏ်ရာတွေရပြီးအမှုရင်ဆိုင်နေတဲ့ အုတ်တွင်းမြို့နယ်ကမိန်းကလေးငယ် ဆေးကုသရင်းသေဆုံး

Photo – Kyaw Thu Ya’ FB

ဒီဇင်ဘာ၊ ၂၇

မွေးစားမိဘတွေနှိပ်စက်မှုကြောင့် ပြင်းထန်ဒဏ်ရာတွေရခဲ့ကာ ကူညီဝန်းရံသူတွေအကူအညီနဲ့ တရားစွဲဆိုကာ အမှုရင်ဆိုင်နေရတဲ့ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က ငါးနှစ်အရွယ်မိန်းကလေးငယ်ဟာ တောင်ငူဆေးရုံကြီးမှာ ကုသမှုခံယူနေချိန် ဒီကနေ့ မနက်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီမိန်းကလေးငယ်ဟာ နှိပ်စက်ခံရမှုအတွက် တရားရင်ဆိုင်ရင်း အခုသီတင်းပတ်အတွင်း ကျောက်ကပ် ဝေဒနာခံစားလာရတာကြောင့် ဆေးရုံတက်ကုသမှုခံနေရာကရက်ပိုင်းအကြာ ဒီကနေ့မနက်ခြောက် နာရီ ခွဲ လောက်မှာ သေဆုံးသွားတာလို့ ကလေးငယ်ကို ကူညီ ပေးနေတဲ့ တောင်ငူမြို့ခံ လူမှုကူညီရေး လုပ်ကိုင်သူ ကိုကျော်သူရက ပြောပါတယ်။

“ကလေးက တက်ပြီးတော့ သတိပြန်မလည်လာတော့ဘူး၊နှုတ်ခမ်းတွေလည်းပြာတယ်ပေါ့နော်၊ ရင်ခွဲစစ်ဆေး ချက် ရလဒ်ကတော့ မှုခင်းဆရာဝန်နဲ့မတွေ့သေးတော့ အတိအကျတော့ ကျွန်တော်မသိသေးဘူး”လို့ သူကပြောပါ တယ်။

ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ နေ့တွင်းချင်းပဲ ခရစ်ယာန်ဘာသာရေးထုံးတမ်း အရ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

အသက်သုံးနှစ်ဝန်းကျင်လောက်မှာ မွေးစားမိဘတွေဆီခေါ်သွားခံရပြီး တနှစ်ကျော်လောက်အကြာမှာ ဒဏ်ရာ၊ ဒဏ်ရာချက်တွေနဲ့ အဘိုး၊အဘွားတွေဆီပြန်ရောက်လာခဲ့တဲ့ အဲ့ဒီမိန်းကလေးငယ် သေဆုံးချိန်မှာ အသက်ငါးနှစ်ရှိ ပြီလို့ သိရပါတယ်။

ဒီမိန်းကလေးငယ်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကတဆင့် လူသိများလာတဲ့ နောက် မွေးစားမိဘတွေကို သက်ဆိုင်ရာက ဖမ်းဆီး၊ တရားစွဲဆိုကာ နှစ်ဖက် အမှုရင်ဆိုင်နေတာ လပိုင်းသာရှိ ပါသေး တယ်။

“ကလေးကိုက တရားခွင်မှာ လုံးဝမစစ်ဆေးရသေးဘူး၊နောက်ဆုံးမှစစ်မယ်ဆိုပြီးထားတာ”လို့ ကလေးငယ်အမှုကို ကူညီပေးနေတဲ့ ကိုကျော်သူရက ပြောပါတယ်။

တရားခွင်မှာ ကလေးငယ်ကို စစ်ဆေးမှုမလုပ်ရသေးပေမဲ့ ကနဦးထွက်ဆိုချက်မှတ်တမ်းတွေတော့ အမှုဖြစ်စဉ် မှာ ပါဝင်နေတာကြောင့် အဲ့ဒီထွက်ဆိုချက်၊လက်ရှိကလေးငယ်သေဆုံးချိန် ဆေးစစ်ချက်၊မှုခင်းဆရာဝန်မှတ် ချက်တွေ နဲ့ ကျူးလွန်သူတွေကို မူလကထက် ပိုမိုပြင်းထန်ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်အောင်ကြိုး စားသွားမယ် လို့ လည်း သူကဆိုပါတယ်။

“သူတို့(ကျူးလွန်သူတွေ”နှိပ်စက်တဲ့ဒဏ်ရာတွေရဲ့အချက်အလက်တွေကြောင့်ဖြစ်တယ်ပဲပြောရမှာပေါ့။ ဥပဒေပို င်း အရလည်း ထိထိရောက်ရောက် အရေးယူဖို့ပြင်ဆင်မယ်ပေါ့နော်၊ ဆေးစစ်ချက်တွေ၊မှုခင်းဆရာဝန် ရဲ့မှတ် ချက်တွေ ကတော့အရေးပါတာပေါ့။အတတ်နိုင်ဆုံး၊အကောင်းဆုံး တရားမျှတမှုဖြစ်အောင်လုပ်ပေးရမှာပေါ့၊ ကလေးအတွက် ကိုတော့”လို့ ကိုကျော်သူရကဆက်ပြောပါတယ်။

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ် အနောက်ခြမ်း ရိုးမတောင်ပေါ် ကျေးရွာတရွာမှာ အဘိုး၊အဘွားတွေနဲ့အတူနေထိုင်တဲ့ အဲ့ဒီမိန်းကလေးငယ်ကို ဒေသခံ မိသားစုတခုက အမွေစား၊အမွေခံ မွေးစားဖို့ ရပ်ရွာလူကြီးအသိသက်သေတွေ ရှေ့ ခေါ်သွားရာက ဒဏ်ရာ၊ဒဏ်ချက်တွေနဲ့ အဘိုး၊အဘွားတွေဆီပြန်ရောက်လာခဲ့တာလို့ ကလေးငယ်ရဲ့အဘိုး ဖြစ်သူ က DNA ကိုပြောထားပါတယ်။

မြေးဖြစ်သူကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်အခြေအနေတွေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေဆီတိုင်ကြားခဲ့ပေမယ့် ငွေကြေးနဲ့ကျေအေးဖို့ ညှိနှိုင်းခံရတာကြောင့် ကျေနပ်မှုမရှိဘဲ ဥပဒေအရ ဆက်လက်ရင်ဆိုင်နိုင်အောင် မြေးအဘိုး နှစ်ဦး မြို့ပေါ်တက်အကူအညီရှာရာက ဒေသခံ လူမှုကူညီရေးအဖွဲ့တွေနဲ့ချိတ်ဆက်မိပြီး အမှုဖွင့်တိုင်ကြားခဲ့တာလို့ လည်း ကလေးငယ်ရဲ့အဘိုးက ပြောပြထားပါတယ်။

လက်ရှိသေဆုံးသွားတဲ့ကလေးငယ်ဟာ မွေးစားမိဘတွေဆီကနေ အဘိုးအဘွားရင်းတွေရဲ့နေအိမ်ကို ပြန်ရောက် လာချိန်မှာ ဓားခုတ်ခံရတဲ့ဒဏ်ရာ၊နှာခေါင်းရိုးကျိုးနေတဲ့ဒဏ်ရာတွေပါလာသလို ပါးစပ်ထဲကိုရေနွေးပူနဲ့ လောင်းချ ခံရတာ၊မျက်နှာကို လက်သီးနဲ့အထိုးခံရတာတွေကို ကလေးက ပြန်ပြောပြထားတယ်လို့ အဘိုးဖြစ်သူက DNAကို ပြောပါတယ်။

ဒါ့အပြင် မွေးစားအဖေဖြစ်သူက မုဒိမ်းမှုနှစ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ မိန်းကလေးငယ်က အဘိုး၊ အဘွားတွေကို ပြောပြထားပြီး တရားရင်ဆိုင်ချိန် အမှုအခင်းအကျင်းအတွင်း မုဒိမ်းမှုနဲ့ပတ်သက်လို့ ကလေးငယ်ရဲ့ထွက်ဆိုချက်၊ ဆေးစစ်ချက်တွေလည်းပါဝင်နေပါတယ်။

ကလေးငယ်အမှုကို ကူညီပေးနေတဲ့ ကိုကျော်သူရကတော့ “Rape လုပ်တဲ့အပိုင်းတွေလည်း ကလေးထွက်ဆို ချက်နဲ့စစ်ရမှာတွေရှိတယ်လေ။အဲ့ဒီအပိုင်းတော့ဘယ်လိုလာမလဲမသိဘူး၊ ဒါပေမဲ့ လက်ရှိရှိတဲ့ သက်သေထွက်ဆိုချက်နဲ့ပဲ ကျွန်တော်တို့ ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ပဲ ဆက်သွားရမယ့်အပိုင်းရှိတာပေါ့”လို့ပြောပါတယ်။