ဒီဇင်ဘာ ၊ ၂၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဆက်သွက်ရေးတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကံပေါက်တိုက်နယ်ရဲ့ တောင်ဘက် ရေကန်တောင်ပေါ်မှာရှိတဲ့ မိုက်ခရိုဝေ့ခ် ဆက်သွယ်ရေးစခန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တနာရီလောက်အကြာမှာပဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
“ထားဝယ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်နဲ့ ကြည်းတပ်တွေကို အဓိကချိတ်ဆက်ထားတဲ့ အေရးပါတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကို ကာကွယ်နေတဲ့ စခန်းကုန်းတခုဖြစ်ပါတယ်” လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သတင်းပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
အမြင့်ပေ နှစ်ထောင်ကျော်လောက်မှာရှိတဲ့ အဲဒီစခန်းကုန်းမှာတော့ လက်နက်၊ ရိက္ခာအပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တဆယ်ကျော်ရှိပြီး စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က အရာရှိတဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးခဲ့တဲ့ စကစ တပ်ဖွဲ့ဝင်တွေကိုတော့ စခန်းသိမ်းရဲဘော်တွေကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ” လို့လည်း TPLF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် MA 11 သုံးလက်၊ ၆၀ မမ စိန်ပြောင်းတလက်၊ ရှေ့ထွက်မိုင်း သုံးလုံးနဲ့ တ္ခား စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း သေနတ်ဒဏ်ရာရခဲ့ပေမယ့် အရှင်ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်းရှိတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ဆိုထားပါတယ်။
“ပေ ၂၀၀၀ ကျော်လောက်မြင့်တဲ့ တောင်ပေါ်က စခန်းကို မဟာမိတ်တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ဖို့အတွက် အချိန်ယူပြင်ဆင်ခဲ့ရပြီး ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်” လို့လည်း TPLF သတင်းပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဘက်ကနေ ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းလာပြီးနောက် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ ကံပေါက်တိုက်နယ်ရဲ့ အဝင်အထွက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဆက်သွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ တချိန်တည်းမှာပဲ ကံပေါက်တိုက်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ) ၂၇၃ ရဲ့ ဗဟိုကင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးခဲ့တယ်လို့ ဆိုထားပေမယ့် သေဆုံးထိခိုက်မှုအခြေအနေကိုတော့ DNA အနေနဲ့ အတည်မပြုနိုင်ပါဘူး။
အခုလို စခန်းသိမ်းထိုးစစ်ကိုတော့ TPLF ပါဝင်တဲ့ သာဂရစစ်ကြောင်း၊ ဒေါနတပ်ရင်း တပ္ခြဲ ၆ နဲ့ တပ္ခြဲ ၇၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်တွေဘက်ကတော့ ဒဏ်ရာအပြင်းအထန်ရတာ၊ သေဆုံးတာမရှိဘူးလို့ သိရပါတယ်။
အခုလို ထိုးစစ်ဆင်တိုက်ခိုက်ခံရတဲ့ ကံပေါက်တိုက်နယ်ရဲ့ အနောက်ဘက် အုန်းပင်ကွင်းရွာမှာတော့ မောရဝတီရေတပ်စခန်းရှိပြီး အခုနှစ်အတွင်းမှာပဲ အဲဒီစခန်းကနေ အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့ရဲ့ အဝင်အထွက် တပ်စခန်းတွေနဲ့ မြို့အနီးက စစ်ကောင်စီတပ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ မကြာခဏရှိခဲ့ပြီး စစ်ကောင်စီတပ်တွေသေဆုံးတာ၊ တော်လှန်ရေးတပ်တွေဘက်ကနေ လက်နက်တွေကို သိမ်းဆည်းရမိတာတွေလည်း မကြာခဏ ရှိနေပါတယ်။