ဂူအောင်းတော့မယ့် အဘ (မအလ – ဇော်မဲလုံး နှစ်ပါးခွင်) (သရော်စာ)

ဒီဇင်ဘာ ၊ ၂၁

(ကိုရင်နွေဦး)

“ဒေါက်…ဒေါက်”

“ဒေါက်…ဒေါက်…ဒေါက်”

“ဒေါက်…ဒေါက်”

ဒီအသံက “သ၊တ်မတော် ကာကွယ်ရေးဦးစီးချုပ် သူခိုးမဟာသရေစည်သူ သူခိုးသီရိသုတ်ဓမ္မ ဗိုလ်ချုပ်မှူးကြီး မအလ”လို့ ဆိုင်းဘုတ်ချိတ်ဆွဲထားတဲ့ အခန်းတံခါးကို လာလာခေါက်ကြလို့ ထွက်လာတဲ့အသံပါ။

ဒီတံခါးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်ကစပြီး တွန်းဖွင့်လို့လည်း မပွင့်၊ ဆွဲဖွင့်လို့လည်း မပွင့်၊ လှည့်ဖွင့်လို့လည်း မပွင့်တော့တဲ့ တံခါးဖြစ်သွားခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ဘယ်သူလာလာ တံခါးမရှိ၊ ဓားမရှိ ဆိုတဲ့ တံခါးမျိုးပါ။ အခုကျမှ ဘာဖြစ်တယ်မသိပါဘူး။ သူ့တပဲ့ရင်းတွေဖြစ်တဲ့ ဇော်မဲလုံးကြီး၊ ဇော်မဲလုံးလတ်၊ ဇော်မဲလုံးလေးတို့ဖြစ်ကြတဲ့ အာ့ကျကျ၊ အဂိန်း၊ မိုက်လိုက်တာသမီးရယ်နဲ့ ငဟဇော်မဲလုံးတို့တောင် ခေါက်လို့ မပွင့်၊ အော်လို့၊ ခေါ်လို့ မပွင့်တဲ့ တံခါးဖြစ်နေပါပြီ။

ဒီတော့ သူ့တပဲ့တပန်းစစ်ကောင်စီဝင်တွေ ခေါင်းချင်းရိုက်ပြီး တိုင်ပင်ကြရပါပြီ။ သူတို့အဘ သ၊တ်ချုပ်မအလ ဘာဖြစ်လို့ အခုလို သူ့အခန်းတံခါးကို အလုံပိတ်ထားရသလဲ။ ဒီရက်ထဲ ဘယ်သူ့ဘယ်သူနဲ့မှ အတွေ့မခံဘဲ အခန်း အောင်းနေရသလဲ။ အသက်ကောရှိသေးရဲ့လား။ စိတ်တွေ ဖိစီးပြီး ကြိုးဆွဲချ ကိုယ့်ကိုယ်ကိုယ်သ၊တ် သေသွား ပြီလား။ စိတ်များ ဖောက်သွားပြီလားဆိုတဲ့ အတွေးပေါင်းစုံနဲ့ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာကို လူစုကာ အစည်းအဝေးခေါ်ရတဲ့အထိ ဖြစ်လာခဲ့ပါပြီ။

ရုရှားကို အရေးပေါ်လှမ်းခေါ်ရကောင်းမလား၊ တရုတ်ကို အရေးတကြီးအကြောင်းကြားရင်ကောင်းမလား၊ သော့ပြင် ဆရာကိုပဲ အားကိုးရမလား၊ Live အလွှင့်ကောင်းတဲ့ မီးသတ်ပဲ ဖုန်းဆက်ရမလားဆိုတဲ့ ဆွေးနွေးချက်တွေကို အနှီအခန်းရှေ့မှာတင် လူစုပြီး ဆွေးနွေးကြ၊ တိုင်ပင်ကြပါတယ်။

သူတို့ ခေါင်းချင်းရိုက်တိုင်ပင်နေချိန်မှာပဲ အခန်းတံခါးအောက်ခြေ ဟနေတဲ့နေရာလေးကနေ စာရွက်လေးတစ်ရွက် ရှောတိုက်ပြီး ထွက်လာပါတယ်။ အဲဒီတစ်ပြိုင်တည်းမှာပဲ အတွင်းကနေ ဂျက်ထိုးထားတာကို ဖွင့်လိုက်တဲ့ “ဂျောက်…ဂလောက်” ဆိုတဲ့အသံကိုလည်း ကြားကြရပါတယ်။ စာကိုဖတ်ကြည့်တဲ့အခါ လက်နီးတပဲ့ရင်းများဖြစ် ကြတဲ့ အာ့ကျကျ၊ အဂိန်း၊ မိုက်လိုက်တာသမီးရယ်နဲ့ ငဟဆိုတဲ့ ဇော်မဲလုံးစီးရီးလိုက်ကို သူနဲ့လာတွေ့ဖို့  ဆင့်ခေါ်တဲ့ စာဖြစ်ကြောင်း သိလိုက်ရပါတယ်။ စာကို ဖတ်ပြီးပြီးချင်းမှာပဲ အာ့ကျကျဦးဆောင်တဲ့ ဇော်မဲလုံးစီးရီးဟာ အခန်းထဲ အလျင်စလို ဝင်သွားကြပါတယ်။

အခန်းထဲရောက်ပြီးနောက် ထုံးစံအတိုင်း သ၊တ်ချုပ်ရဲ့ စားပွဲအရှေ့မှာ သတိဆွဲပြီး ရောက်ရှိကြောင်း သတင်းပို့ လိုက်ကြတဲ့အခါ

“နေစမ်းပါဦး။ မင်းတို့က ငါ့အခန်းကိုပဲ အားအားရှိ တဒေါက်ဒေါက်ခေါက်နေတာ ဘာလို့လဲ။ အဲဒါကို အရင်ရှင်းကြ”ဆိုတဲ့ သ၊တ်ချုပ်မအလ၏ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေသံကို ဦးစွာကြားရပါတော့တယ်။

“ကျွန်တော်ခေါက်တာကတော့ အဘဝန်းရံသူ အဘသားသမီးတွေက အဘကို ဘွဲ့နာမ အသစ်တွေ ထပ်ပေးလာတဲ့ အကြောင်း အသိပေးချင်လို့ ခေါက်တာပါ”

လက်သွက်ခြေသွက်ရှိလှတဲ့ အငယ်ဆုံးလေး ငဟဇော်မဲလုံးက ဦးစွာစကားဆိုလိုက်ပါတယ်။

“ဟုတ်သလား။ ဘယ်လိုတောင် ပေးထားတာလဲ။ ငါ့ကိုယ်ငါပြန်ပေးထားတဲ့ဘွဲ့ထက်မိုက်လား”

“ဟုတ်ကဲ့ပါအဘ။ အရင်တုန်းကတော့ အဘကို ဘုရားဒကာကြီး၊ လှိုင်သာယာကြီးလို့ ပေးခဲ့ကြပြီး အခုတော့ တရားအားထုတ်သူကြီး၊ မေတ္တာရှင် (နေပြည်တော်)ကြီးဆိုတဲ့ ဘွဲ့တွေပါ အသစ်ထပ်ပေးလာကြလို့ပါ”

ဒီတော့မှ အဖြစ်မှန်ကိုရိပ်မိကာ သ၊တ်ချုပ်မအလရဲ့ ဖြူဖတ်ဖတ်မျက်နှာကြီး ချက်ချင်းနီးမြန်းလာပါတယ်။ ဒါကို ရိပ်စားမိတဲ့ အာ့ကျကျက စကားလမ်းကြောင်းကို ချက်ချင်းပြောင်းယူလိုက်ပါတယ်။

“ကျွန်တော် ခေါက်တာကတော့ ကိစ္စထိပ်ဝရောက်လာလို့ပါ အဘ။ အခြားမဟုတ်ပါဘူး။ အခု ရခိုင်ဘက်မှာ အအမ်း လွန်ကုန်တဲ့အကြောင်း အဘထံ အသိပေးဖို့ပါ”

ဒီလိုစကားဆိုကာ အာ့ကျကျက ရခိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရင်းတွေ၊ ဖြစ်စဉ်တွေ၊ ထုံးစံအတိုင်း ထွက်ပြေးရမှုတွေ၊ စခန်းသိမ်းခံရမှုတွေကို သူ့အဘထံ စီကာပတ်ကုံး သံတော်ဦးတင်ပါတယ်။ အဲဒီထဲ နခခ(၅)က အဘသားတပဲ့တွေ Live လွှင့်ပြောထားကြတဲ့ ဗီဒီယိုဖိုင်ကိုပါ ဖွင့်ပြလိုက်ပါသေးတယ်။ နဂိုကမှ ဖြူဖတ်ဖတ်ဖြစ်နေ တဲ့ အဘမျက်နှာ သွေးမကျန်လောက်အောင် ဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ငဟက

“ဟုတ်တယ်…ဟုတ်တယ်။ အဘရဲ့ ဘွဲ့နာမအသစ်တွေဖြစ်တဲ့ တရားအားထုတ်သူကြီး၊ မေတ္တာရှင် (နေပြည်တော်) ကြီး ဆိုတာကလည်း အဲဒီအအမ်းလွန်ရာကနေ အဘသားသမီးတွေက ပေးလာတာပဲ။ ပြီးတော့ တစ်လက်စတည်း ဆက်ပြောလိုတာက အဘကို မျှော်နေတဲ့ ပြည်သူတွေ ရှိသေးတယ်ဆိုတဲ့အကြောင်းလည်း ပြောဖို့ကျန်ခဲ့လို့”

သူ့ကို မျှော်တဲ့ပြည်သူ၊ သူ့ကိုလိုလားတဲ့ ပြည်သူရှိနေသေးသလားဆိုတဲ့အကြည့်နဲ့ ငဟထံ စူးစိုက်ကြည့်ကာ စကားဆက်ဖို့ သ၊တ်ချုပ်က မေးဆတ်ပြပါတယ်။

“ဟိုလေ လျှပ်စစ်မီး အပျက်ဆုံး၊ မလာဆုံး၊ ပျက်မဆုံးတဲ့ အရပ်တွေမှာနေနေကြတဲ့ ပြည်သူတွေက နေ့တိုင်း၊ အချိန် တိုင်း မျှော်နေကြတာ အဘရဲ့။ မီးလင်းကောင်လည်း မလာဘူး။ မီးလင်းကောင်လာရင် ကောင်းမှာဆိုပြီး ပါးစပ်က တည်း တတွန်တွန်မြည်တွန်နေကြတာ။ ပြောမယ်ဆို တစ်နိုင်ငံလုံးနီးပါးပါပဲ။ အဲဒါလေးလည်း အဘကို သိစေချင် လို့ပါ”

အလိုက်ကမ်းဆိုးမသိရန်ကောဆိုတဲ့အကြည့်နဲ့ ငဟကို အဂိန်းက မျက်စောင်းထိုးကြည့်လိုက်ရင်း သူတံခါး ခေါက်ရ တဲ့ အကြောင်းရင်းကို ဖွင့်ပြောပါတယ်။

“ကျွန်တော် တံခါးခေါက်ရတာကတော့ အဘအတွက် ဝမ်းသာစရာ သတင်းကောင်းလို့ ဆိုနိုင်သလို။ ဝမ်းနည်းစရာ သတင်းဆိုးလည်း ပါပါတယ်။ အဲဒါကတော့ ဆီးရီးယားအာဏာရှင်ကြီး အာဆတ် တော်လှန်သူတွေကိုကြောက်ပြီး ထွက်ပြေးသွားရပြီဆိုတဲ့ သတင်းပါ။ ဒါက အဘအတွက် သတင်းဆိုးဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမယ့် သူနဲ့ ဆက်စပ်တဲ့ သတင်းကောင်းလည်း ရှိပါတယ်။ အဲဒီ့လိုထွက်ပြေးလာတာကို ပူတင်က ကြည်ကြည်ဖြူဖြူ လက်ခံ ပေးထားတယ်ဆိုတာပါပဲ။ ဒါကတော့ အဘအတွက် ရတက်အေးရမယ်ထင်လို့ပါ။

အဂိန်းပြောကာမှပဲ သွေးစုပ်နေတဲ့ ဖြူဖတ်ဖတ် မျက်နှာပေါ်က မျက်လုံးနှစ်လုံးပါ ပြူးကျယ်လာပါတယ်။ အဲဒီ ပြူးနေတဲ့မျက်လုံးကို ထပ်ပြီးဆွဲညှစ်လိုက်သူကတော့ ထုံးစံအတိုင်း ငဟပါပဲ။

“ရုရှားကို အဘပြေးလို့တော့ မဖြစ်လောက်ဘူးထင်တယ်နော်။ အဘက စစ်သားဆိုတော့ လူလိုနေတာနဲ့ အတော်ပဲ ဆိုပြီး ယူကရိန်းစစ်ပွဲထဲ ထည့်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ။ ရုရှားပြေးကာမှ စစ်သားသစ်စုစောင်းတဲ့အထဲပါ သွား တယ်ဆိုရင် ကျော်မကောင်းကြားမကောင်းကြီးနော်”

သ၊တ်ချုပ်မအလ မျက်စောင်းသာမက လက်သီးကပါ တပြင်ပြင်ဖြစ်လာနေချေပြီ။ ဒီအချိန်မှာပဲ ကျန်နေသေးတဲ့ မိုက်လိုက်တာသမီးရယ်ဇော်မဲလုံးက စကားဆိုပါတယ်။

“ကျွန်တော်ကတော့ နိုင်ငံတကာအရေးကို လေ့လာစောင့်ကြည့်နေသူပီပီ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်တုန်းက သတင်းတစ်ခုကို အစီရင်ခံချင်ပါတယ်။ အဲဒီသတင်းကတော့ အဘကို အိုင်စီစီကနေ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင် နေပြီဆိုတဲ့သတင်းပါ။ အဲဒီသတင်းကြားကြားချင်းပဲ အဘအခန်းကို လာခဲ့ပါသေးတယ်။ အဘက အခန်းတံခါးကို ဂျက်ထိုးလော့ချထားလိုက်တာမို့ အခုမှ တင်ပြရတာပါ”

“အေး…အဲဒီသတင်း ငါလည်းကြားတယ်။ အဲဒါကြောင့်ပဲ လော့ချလိုက်တာ”

လက်စသတ်တော့ တံခါးမရှိ၊ ဓားမရှိ ဝင်ချင်တိုင်းဝင်လို့ရနေတဲ့ အခန်းတံခါး လော့ချ၊ ခေါ်မရ၊ အော်မရဖြစ်တာ ဒါ့ကြောင့်ကိုး။ အကြောင်းရင်းမှန်ကို အခုမှ သိကြရတော့တယ်။

“အဘရယ်…အဲဒါဆိုလည်း အခန်းအောင်းမနေဘဲ ပိုပြီးလုံလုံခြုံခြုံဖြစ်မယ့် ဂူတစ်ဂူဂူထဲဝင်အောင်းနေလိုက်တာ တော့ မဟုတ်ဘူး”

ငဟဇော်မဲလုံးရဲ့ လက်သံပါပဲ။ ဆိုင်းမဆင့်ဗုံမဆင့်ဆိုသလို လက်သွက်ခြေသွက် ဘယ်သူမှ မတားနိုင်ခင် ဝင်ပြော လိုက်တာပါ။

“ဟ…ငါက ဘယ်ဂူသွားအောင်းရမှာတုန်း”

“သြော်…အဘရယ်။ နေပြည်တော်မှာ ဘဘကြီးလက်ထက်ကတည်းက လှိုဏ်ဂူတွေ ဖောက်ခဲ့၊ ဆောက်ခဲ့တာ မနည်းဘူးဆို”

ငဟကတော့ ဒီလို အလိုက်မသိလို့လည်း ‘ငဟ’ဆိုတဲ့ နာမည်ရခဲ့တာ။ ဘေးနားရှိတဲ့ မိုက်လိုက်တာသမီးရယ် ဇော်မဲလုံးက ငဟကို မျက်မှောင်ကြီးကြုတ်ကာကြည့်ရင်း အံကြိတ်သံဖြင့်

“မသိရင်လည်း အသာနေ ငဟရ။ လျှောက်မပြောနဲ့။ အဲဒီလှိုဏ်ဂူတွေမှာနေဖို့ဆို အောက်ဆီဂျင်လိုတယ်၊ အလင်း ရောင် လိုတယ်။ အဲဒီအတွက် ဘယ်မလဲ လျှပ်စစ်။ ငါတို့၊ မင်းတို့၊ အဘတို့တောင် တစ်နေ့တစ်နေ့ လျှပ်စစ်ရအောင် မနည်းရုန်းနေရတာ။ ရှိတဲ့လျှပ်စစ်တွေက သူ့သား အီးဗွီထဲရောက်နေတာ မသိဘူးလား။ လျှပ်စစ်မရှိတဲ့ လှိုဏ်ဂူ ထဲမှာ အဘကို နှာခေါင်းဖော် သေခိုင်းစေချင်နေတာလားကွ”

သ၊တ်ချုပ်မအလမျက်နှာလည်း ဖြူရော်နေရာကနေ ချက်ခြင်းဆိုသလို နီမြန်းလာခဲ့ပြန်ပါတယ်။ ငဟလက်ချက် ကြောင့် ထူထူပူပူဖြစ်ကာ သူပြောလာတဲ့စကားက

“ငါ့မှာ အောင်းစရာဆိုလို့ မိကြူဂူပဲရှိပါတယ်”

ဒီတစ်ခါမျက်လုံးပြူးကြရတာက တပဲ့ဇော်မဲလုံးတို့လေးဦးပါ။ သ၊တ်ချုပ်က သူ့စကားမှားပြီဆိုတာ သိတာနဲ့ ချက်ချင်းဆိုသလို စကားထပ်ဖြည့်ပါတယ်။

“ရခိုင်မှာရှိတဲ့ သူပိုင်ခြံထဲမှာ တူးထားတဲ့ဂူကိုပြောတာပါ”

“အဲဒါလည်း ဓာတ်ခဲလက်ထဲရောက်သွားရောပေါ့ အဘရဲ့”

ဒီတစ်ခါလည်း လက်သွက်ခြေသွက်သလောက် အလိုက်ကမ်းဆိုးနည်းနည်းမှမသိတဲ့ ငဟပါပဲ။ သ၊တ်ချုပ်ရဲ့ မျက်ထောက်နီမျက်စောင်းများ ငဟထံ ကျရောက်နေခဲ့တာအကြိမ် မနည်းတော့ပြီ။

“အဲဒီ့လိုဆိုရင်တော့ အဘအတွက် ဂူက တစ်ဂူပဲရှိတော့တာပေါ့”

ငဟကပဲ စကားဆက်ပါတယ်။ ဂူတစ်ဂူရှိသေးတယ်ဆိုတော့ အားလုံးလည်း စိတ်ဝင်တစားဖြစ်ကာ သူ့ထံ အကြည့် များ စုပါတယ်။

“ပြောပါဦး အဲ့တစ်ဂူ။ အချိန်မီလေး”

သိလိုဇောနဲ့ သ၊တ်ချုပ်မအလက သူ့တပဲ့ငဟဘက် လည်ပင်းကြီးဆန့်ကာ အမေးရှိလေရာ မဆိုင်မတွ ငဟ ဖြေလိုက်တာက

“အုတ်ဂူလေ…အဘ”

မရတော့ပြီ။ သ၊တ်ချုပ် မအလရဲ့ ဒေါသများ ထိန်းမရ၊ သိမ်းမရ အထွတ်အထိပ်ရဲ့ အထွတ်အထိပ်သို့တိုင်လေပြီ။ ဝတ်ထားတဲ့ ချိတ်ထဘီကို ခါးတောင်းကျိုက်ကာ ငဟထံပြေးဝင်ပါတော့တယ်။ ငဟလည်း အတွေ့အကြုံရှိသူပီပီ ဗျူဟာအရ နောက်ကျခြေထောက်သစ္စာဖောက်လို့ ကြုံးအော်ရင်း အရှေ့က ပြေးနှင့်ပါတော့တယ်။