အရှုံးများလို့ ရပ်နားထားတဲ့ သံမဏီစက်ရုံတွေကို အမျော်အမြင်မရှိဘဲ ရပ်နားခဲ့တယ်လို့ စစ်ခေါင်းဆောင်အပြစ်တင်

မတ်၊ ၉

အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်  (NLD ပါတီ) အစိုးရလက်ထက်က အရှုံးများနေလို့ လွှတ်တော်အတွင်းဆွေးနွေးပြီး ရပ်ဆိုင်းထားခဲ့တဲ့ သံမဏီစက်ရုံစီမံကိန်းတွေကို နာလည်မှုနဲ့ မဟာဗျူဟာမြောက်အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့လို့ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရတယ်လို့ အာဏသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က မနေ့က မတ်လ ၈ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နယ် ပင်းယက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန ၊ အမှတ် ( ၁ ) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂) သံမဏီစက်ရုံ (ပင်းယက်) ကိုသွားရောက်ကြည့်ရှုပြီး အဲဒီလို အပြစ်တင်ပြောဆိုလိုက်တာပါ။

အရှုံးပေါ်နေတဲ့ စီမံကိန်းတွေကို အမြတ်ထွက်အောင် ပြန်လည်လုပ်ဆောင်ဖို့လိုအပ်ပြီး မလုပ်နိုင်ပါက ရပ်နားထားရင် ပိုမိုကောင်းမွန်မယ်လို့ နိုင်ငံရေး သုံးသပ်သူ ဦးရဲထွန်းက ဆိုပါတယ်။

” နှစ်စဉ်အဲဒီအပေါ်မှာ အတိုးပေးနေရတယ် ။အလုပ်လည်းမလုပ်ဘူး ဆိုရင်တော့ ဆိုးတာပေါ့။ ထွက်လာတဲ့ ကုန်ချောပစ္စည်းက မမြတ်ဘူး ဆိုရင် ထပ်နစ်နာမယ်ဗျ ။အတိုးလည်း ပေးရမယ်အပြင် အလုပ်လုပ်တဲ့အတွက် ပိုဆုံးရှုံးရတဲ့ဟာက တပူပေါ်နှစ်ပူဆင့်ဖြစ်တာပေါ့နော်။ အဲလိုဟာမျိုးကျတော့ ရပ်လိုက်တာ ပိုကောင်းပါတယ် ” လို့ သူကဆိုပါတယ်။

မြင်းခြံသံမဏိစက်ရုံကို ယခင်စစ်အစိုးရလက်ထက် ၂၀၀၅ခုနှစ်က စစ်တပ်ရဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) က တရုတ်နိုင်ငံကယူရို ၁ဒဿမ ၁ ဘီလီယံနဲ့ စတင်ခဲ့တာပါ။

အဲဒီနောက် ချေးငွေတွေနဲ့ အရှုံးများနေလို့ ၂၀၁၂ ခုနှစ် လောက်က ဦးသိန်းစိန် အစိုးရလက်ထက်မှာ စက်မှုဝန်ကြီးဌာနကို ပြန်လည်အပ်နှံခဲ့ပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၇ မှာ စီမံကိန်းတွေကို ရပ်ဆိုင်းခဲ့တာပါ။ 

၂၀၁၃ခုနှစ်ကနေ၂၀၁၈ခုနှစ်ငါးနှစ်အတွင်းကျပိ၁၃၀ဘီလီယံကျော်အရှုံးပြပြီး အတိုးအရင်းပေါင်း ၁ဒဿမ ၆ဘီလီယံကျော်ကြွေးတင်နေတယ်လိုNLDအစိုးရမန္တလေးတိုင်း၊လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဦးဇာနည်အောင်က၂၀၂၀ပြည့်နှစ်ကတိုင်းလွှတ်တော်ကိုတင်ပြခဲ့ပါတယ်။

တရက်ကို ယူရိုသုံးသိန်းကျော်တရုတ်နိုင်ငံကိုပြန်ဆပ်နေရတယ်လို့လည်းဆိုပါတယ်။

ပင်းပက်သံမဏိစက်ရုံကို ရုရှားနိုင်ငံကနေ ယူရို ၁၀ ဒသမ ၅ သန်းတန် နည်းပညာအကူအညီတွေ ရယူပြီး ဆောင်ရွက်မယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီသံမဏိစက်ရုံတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊အောက်တိုဘာလ အတွင်းသွားရောက်ခဲ့ပြီးနောက် စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိမှာလည်း အဲဒီစီမံကိန်းတွေကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ရုရုားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြင့်တင်ဆောင်ရွက်ရန်လိုအပ်တယ်လို့ ယူဆနေချိန်မှာ အခုလိုစီမံကိန်းတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

” အဲဒီစက်ရုံတွေက ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ တည်ဆောက်ခဲ့တာမဟုတ်ဘူး။ ဦးသန်းရွှေလက်ထက်ကတည်းကလုပ်ခဲ့တာပေါ့။ အရှုံးပေါ်နေတာလည်းကြာပြီး ဒါကြောင့်ပိတ်သိမ်းတယ်လို့ သိရပါတယ်။ အခုတော့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖက်လဲတကင်းလုပ်ချင်တဲ့ အချိန်ရောက်တော့ အရင်တုန်းက အမျော်အမြင်မရှိဘဲ ပိတ်တယ်ဆိုပြီး ထုံးစံအတိုင်းပြစ်တင်စကားပြောတာပေါ့။ ပြန်လုပ်လို့အကျိုးရှိ၊မရှိဆိုတာ နောက်မှာ သိရမှာပေါ့ ” လို့ သူက ဆိုပါတယ်။ 

စစ်ကောင်စီက ပင်းပက်နဲ့မြင်းခြံ သံမဏိစက်ရုံအတွက် အကြီးစားကျောက်မီးသွေးထုတ်လုပ်မှုကို ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီမြို့နယ်မှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာလို့ ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုစောင့်ကြည့်ရေး အဖွဲ့ ( SSFIM ) က ဆိုထားပါတယ်။