စမ်းချောင်းမှာ ကွယ်လွန်သူတဦးပိုင် တိုက်ခန်းကို ရောင်းစားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ

မတ်၊ ၉
 
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ်က အိမ်အမှတ် ၁၇၀/၅ လွှာမှာ တိုက်ခန်းအတွင်း ရုတ်တရက်သေဆုံးခဲ့သူ ဦးဘုန်းကျော်သူရဲ့တိုက်ခန်းကို စစ်တပ်ဗျူဟာမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရိန်တို့ ပေါင်းပြီးသိမ်းဆည်းရောင်းစားခဲ့ကြတာလို့ ရပ်ကွက်နေပြည်သူတွေက ဆိုပါတယ်။
 
“သတင်းက ထွက်လာတာရယ် သေတဲ့သူရဲ့အဖေက စင်္ကာပူနေ နေပြည်တော်အထိ လှမ်းတိုင်တာတွေရှိတော့ မနေ့က ညကပဲ စမ်းချောင်းမယကရုံးကို ရဲကားနဲ့ စစ်ကားလေးစီးလောက် ဝင်ချလာတယ်။ ဒီကောင်တွေရောင်းလိုက်တဲ့အိမ်မှာ ဝယ်တဲ့သူတွေက ပြင်စရာရှိတာတော့ ပြင်နေကြတယ်။ ဝယ်တဲ့သူတွေက ဘယ်သူတွေလဲတော့ မသိဘူး”လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတဦးက DNA ကို ပြောပါတယ်။
 
သေဆုံးသူဟာ မိသားစုဝင်နည်းပါးပြီး အမျိုးသမီးဖြစ်သူဟာလဲ ကိုဗစ်ကာလမှာပဲ စိတ်ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူတဦးဖြစ်ပြီး သေဆုံးသူ ဦးဘုန်းကျော်သူရဲ့ နေအိမ်တိုက်ခန်းအတွင်းရှိ စာချုပ်စာတမ်းတွေကို အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ ယူဆောင်သွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
“သေတဲ့သူက အကောင်းကြီးကနေ သေသွားတာ။ အဲ့ဒါရပ်ကွက်ကလဲ ဘာကြောင့်သေလဲ မသိရဘူး။ သူတို့ဘာသာ အကုန်လုပ်တာ။ ပထမက အဲ့အိမ်သော့ကို စိုးစိုးဆိုတဲ့ ဒလန်က သိမ်းထားတာ။ ခုရောင်းပြီး အဝေမတည့်ကျတော့ အကုန်ပေါ်လာမှ ရပ်ကွက်က သိရတာ။သေတာက ပြီးခဲ့တဲ့ ရက်ကပဲ” လို့ ဒေသခံတဦးက DNA ကို ထပ်ပြောပါတယ်။
 
​သေဆုံးသူ ဦးဘုန်းကျော်သူရဲ့တိုက်ခန်းကို ယူကာ သိန်း ၈၅၀ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သူရိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း၊ ဗျူဟာမှူး၊ စမ်းချောင်းရဲ တို့မှ ခွဲဝေယူခဲ့ပြီး စမ်းချောင်းရဲစခန်းမှာ သေမှုသေခင်းဖွင့်တာမျိုးတွေ လုပ်ဆောင်မှုတွေ မရှိဘူးလို့လဲ သိရပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က ဗဟိုလမ်းကို ၂၀၂၁ခုနှစ်က စစ်ကောင်စီတပ် ဝင်စီးနင်းနေစဥ်