Photo – Simsa Kasa(KNG)ဒီဇင်ဘာ၊ ၉
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာ ခြောက်ရက်လောက်ကြာမြင့်လာပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
KIAနဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်(စကခ-၂၁)အခြေစိုက် ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၄ရက်ကစလို့ ထိုးစစ်ဆင်နေတာပါ။
လက်တလောမှာတော့ KIAပူးပေါင်းတပ်တွေက ဗန်းမော်မြို.အတွင်း ဝင်ရောက်နိုင်ပြီး ဌာနဆိုင်ရာရုံးအများစုကိုလည်း သိမ်းပိုက်ထားပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။
“မြို့ထဲဝင်သွားပြီ၊ ရုံးအတော်များများလည်းသိမ်းလိုက်ပြီ၊ အရေးကြီးတပ်စခန်းတွေကိုတော့တိုက်နေတုန်းလို့သိရတယ်”လို့ KIAနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦး ကပြောပါတယ်။
ဒါ့အပြင် KIAနဲ့ပူးပေါင်းတပ်တွေက စခက-၂၁နဲ့ တခြားတပ်စခန်းတွေကို ပိတ်ဆို့ ထိုးစစ်ဆင်နေတယ်လို့လည်းဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ဒေသခံအားလုံးကလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲလို့ သတင်းရင်းမြစ်ကပြောပါတယ်။
KIAနဲ့မဟာမိတ်တပ်တွေက၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့၁၃မြို့နဲ့စစ်တပ်စခန်းပေါင်း ၂၂၀ လောက်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်