အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေ

၂၀ ၊ ဇွန်လ ၊ ၂၀၂၀ ။

အရှေ့တောင်အာရှနိုင်ငံတစ်ချို့မှာ COVID-19 ရောဂါဖြစ်ပွားမှုနှုန်း  လက်တလောပြန်မြင့်တက်လာနေပြီး ဇွန်လ ၁၉ရက်နေ့က ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါပိုးတွေ့လူနာအရေအတွက်စံချိန်တင် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19ရောဂါကြောင့် ၂၄နာရီအတွင်း လူပေါင်း ၃၃၀ ကျော်သေဆုံးပြီး ရောဂါပိုးတွေ့ရှိသူ အသစ် ၁၃,၀၀၀ ကျော် တွေ့ရှိရတယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သောကြာနေ့ မနက်ပိုင်းက ကြေငြာခဲ့ပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိသူ ၃၈,၀၀၀ ကျော် ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၁၂,၅၀၀ ကျော် ရှိလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း သောကြာနေ့က ရောဂါပိုးတွေ့ရှိသူဦးရေ ၃,၂၀၀ ကျော် ထပ်တိုးလာခဲ့ပြီး ၄၅ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ တစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိသူ တစ်ထောင်ကျော်တိုးလာပြီး ၃၄ဦး သေဆုံးခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ စုစုပေါင်း ၄၃,၀၀၀ ကျော်နဲ့ သေဆုံးသူစုစုပေါင်း ၂,၃၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံမှာ ရောဂါပိုးအတည်ပြုလူနာ ၆၆၁ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပြီးနောက်  COVID-19 လူနာစုစုပေါင်း ၂၈,၄၅၉ ဦး ရှိလာခဲ့ပါတယ်။

အဲ့ဒီနောက် တောင်ကိုရီးယားနိုင်ငံမှာတော့ ၂၄နာရီအတွင်း COVID-19 ထပ်တိုးလူနာ ၄၉ဦး ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၂,၀၀၀ ကျော် အထိ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက တောင်ကိုရီးယားမှာ နေ့စဥ်ပိုးတွေ့လူနာ အယောက် ၃၀ ကနေ အယောက် ၆၀ အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာတော့ သောကြာနေ့က COVID-19 ထပ်တိုးလူနာ ၆ဦး တွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ ၈,၅၃၅ ဦး ရှိလာခဲ့ပါပြီ။ သေဆုံးသူအရေအတွက် စုစုပေါင်း ၁၂၁ ဦး ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ တစ်ကမ္ဘာလုံးမှာ COVID -19ရောဂါဖြစ်ပွားသူပေါင်း ၈ ဒဿမ ၇သန်းကျော်ရှိပြီး သေဆုံးသူ ၄သိန်း ၆သောင်းကျော်နဲ့ ပြန်လည်သက်သာသူ ၄သန်းကျော်ရှိပါတယ်။

Ref : Xinhua