အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

၂၁ ၊ ဇွန်လ ၊ ၂၀၂၀ ။

အင်ဒိုနီးရှားနိုင်ငံရဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ Mount Merapi မှာ ဇွန်လ ၂၁ရက်နေ့ မနက်ပိုင်းက မီးတောင်ပေါက်ကွဲမှု ၃ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှား မီဒီယာတွေက ဖော်ပြကြပါတယ်။

ပေါက်ကွဲမှုကြောင့် မီးတောင်နှုတ်ခမ်းဝကနေ ထွက်လာတဲ့ ဓာတ်ငွေ့ပူတွေနဲ့ ပြာမှုန်တွေက ကောင်းကင်အမြင့်ပေနှစ်သောင်းနီးပါး အထိ ဖုံးလွှမ်းခဲ့ပြီး ပေါက်ကွဲသံဟာ ဂျာဗားကျွန်းပေါ်က ကျေးရွာတစ်ချို့အထိ ရိုက်ခတ်ခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူ သတင်းတွေကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ Mount Merapi မီးတောင်အနီးမှာ နေထိုင်ကြတဲ့ ရွာသားတွေအနေနဲ့ မီးတောင်ပေါက်ဝကနေ ပေတစ်သောင်းနီးပါး အကွာအဝေးကို ပြောင်းရွေ့နေထိုင်ဖို့နဲ့ ချော်ရည်ပူ အန္တရာယ်ကိုလည်း သတိပြုဖို့ အာဏာပိုင်တွေက ကြေငြာထားပါတယ်။

အဲဒီမီးတောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ပေါက်ကွဲမှု စဖြစ်ကတည်းက အင်ဒိုနီးရှား မီးတောင်နဲ့ ဘူမိဗေဒဆိုင်ရာ Volcanology and Geological Hazard Mitigation Centre က Mount Merapi မီးတောင်ကို အန္ဘရာယ်အရှိဆုံး တတိယအဆင့်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပေပေါင်း ၉,၅၅၀ အမြင့်ရှိတဲ့ Mount Merapi မီးတောင်ဟာ အင်ဒိုနီရှားနိုင်ငံရဲ့ မီးတောင်ရှင် ၅၀၀ ထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြီးစားမီးတောင်ပေါက်ကွဲမှုမှာတော့ လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။

လူဦးရေ သန်း ၂၇၀ ကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ် “Ring of Fire” လို့ ခေါ်တဲ့ မြင်းခွာပုံစံ ချိုင့်ဝှမ်းထဲမှာ တည်ရှိတာကြောင့် ငလျင်လှုပ်ခတ်တာနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Ref : indonesiaexpat

Delta News

Read Previous

အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေ

Read Next

ပုသိမ်မြို့က သမိုင်းဝင်ဘိုးဘွားရိပ်သာ ပြုပြင်ရေး ပူးပေါင်းကူညီကြဖို့ ဘက်စုံပရဟိတ ဆရာတော် တိုက်တွန်း