ပွေ့ဖက်နှုတ်ဆက်ဖို့ အချိန် သုံးမိနစ် ကန့်သတ်ထားတဲ့ နယူးဇီလန်လေဆိပ်

အောက်တိုဘာ ၊ ၂၄

နယူးဇီလန်နိုင်ငံက လေဆိပ်တခုမှာ ခရီးသွားတွေ မထွက်ခွာခင် ပွေ့ဖက်နှုတ်ဆက်ဖို့ အချိန်အများဆုံး ၃မိနစ် ကန့်သတ်ချက် ထုတ်ပြန်လိုက်တဲ့အပေါ် တကမ္ဘာလုံးမှာ ငြင်းခုံမှုတွေ ဖြစ်ပေါ်နေပါတယ်။

နိုင်ငံတောင်ပိုင်း Dunedin မြို့က နိုင်ငံတကာလေဆိပ်ရဲ့ ကားရပ်တဲ့နေရာမှာ အခုလို ကန့်သတ်လိုက်တာဖြစ်ပြီး ဒီအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုတွေ ထွက်ပေါ်လာတာကို အံအားသင့်ခဲ့ရတယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

လုပ်ငန်းစဉ်တွေ ချောချာမွေ့မွေ့ဖြစ်ဖို့အတွက် ဒီဆိုင်းဘုတ်အသစ်ကို တပ်ဆင်ခဲ့တာပါ။ ကားရပ်ပြီး လူအတင်အချလုပ်တဲ့နေရာမှာ မြန်မြန်လေး နှုတ်ဆက်ဖို့ ခရီးသည်တွေကို အသိပေးတာမျိုး ဖြစ်တယ်လို့ လေဆိပ်အကြီးအကဲတဦးက ဆိုပါတယ်။

“စိတ်မပူပါနဲ့၊ စက္ကန့် ၂၀ လောက် ပွေ့ဖက်ထားရုံနဲ့ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးတဲ့ oxytocin နဲ့ serotonin ဆိုတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့ လုံလောက်ပါတယ် ၊  ဒါကြောင့် သုံးမိနစ်က နှုတ်ဆက်ဖို့ အချိန်အများကြီးရပါတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အချိန်ကြာကြာ နှုတ်ဆက်ချင်သူတွေအတွက်လည်း ပထမ ၁၅မိနစ် အခမဲ့ ရနိုင်တဲ့ ကားရပ်နားစခန်းကို အသုံးပြုနိုင်ကြောင်း အကြံပြုထားပါသေးတယ်။

အဆိုပါ ပွေ့ဖက်နှုတ်ဆက်ခြင်း ကန့်သတ်ချက်ဟာ တကမ္ဘာလုံးက သတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့သလို အွန်လိုင်းသုံးစွဲသူတွေကြားမှာလည်း ပျံ့နှံခဲ့ပါတယ်။

Dunedin မြို့ လေဆိပ်မှာ အဆိုပါ ကန့်သတ်ချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စတင်ခဲ့တယ်လို့ သိရပါတယ်။

Ref : AFP