စစ်တွေလေဆိပ်ထဲ ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံး

ဇန်နဝါရီ၊ ၁၆
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လေဆိပ်ဝင်းထဲမှာ မနေ့က ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတချို့ သေဆုံး၊ ဒဏ်ရာရသွားတယ်လို့ အနီးဝန်းကျင် ဒေသခံတွေထံက သိရပါတယ်။
 
” အကျယ်ကြီး ကွဲသံတချက်ကြားလိုက်တယ်။ စစ်သားတွေ သူတို့ဗုံးနဲ့ သူတို့ ပေါက်တာလား။ ဒရုန်းတွေဘာတွေနဲ့ လာချလို့ ပေါက်တာလား သေချာတော့ မသိကြရသေးဘူး ” လို့ လေဆိပ်အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကို ပြောပြပါတယ်။
 
အဲဒီလို ပေါက်ကွဲသံကြားပြီးနောက် စစ်တွေလေဆိပ်ဘက်သို့ လူနာတင်ကားတချို့ ဝင်သွားတာကိုလည်း တွေ့ခဲ့ရတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
စစ်တွေဒေသခံတချို့ရဲ့ ပြောပြချက်အရ အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပေမယ့် DNA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။
 
ဒီနေ့မနက်ပိုင်းမှာတော့ လေဆိပ်ဝန်းကျင်တဝိုက်ကို စစ်ကောင်စီတပ်နဲ့ ရဲတို့က စစ်ဆေးမှုတွေ လုပ်နေကြတယ်လို့ ‌ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင်‌ဒေသတိုက်ပွဲတွေ စပြီးနောက်ပိုင်း စစ်တွေလေဆိပ်မှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လေယာဉ် (Y12)နဲ့ ထောက်ပို့ရဟတ်ယာဉ်အချို့ ဆင်းသက်တာတွေ ရှ်ိနေပြီး လေဆိပ်ဝင်းအတွင်း စစ်ကောင်စီတပ်သားတွေလည်း ချထားတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ Y12 လို ထောက်ပို့လေယာဉ်တွေကို စစ်မြေပြင်နဲ့ လူနေကျေးရွာတွေမှာ ဗုံးကြဲတိုက်ခိုက်ဖို့ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ညတုန်းကလည်း စစ်တွေမြို့အဝင်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)ဝင်းအတွင်းနဲ့ မြို့အနီး ရွှေမင်းဂံ ရေတပ်စခန်း တို့ဘက်ကနေ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
 
ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်တို့ဆုံရာ မြစ်ကမ်းပေါ်တည်ရှိတဲ့ စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ပြီး စစ်ကောင်စီ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေလည်း နေထိုင်ကြတယ်။
 
စစ်‌ကောင်စီတပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစကတည်းက စစ်တွေမြို့တွင်း အဝင်အထွက်တွေကို ပိတ်ဆို့၊ ကန့်သတ်ထားခဲ့ပြီး မြို့အနီးပတ်လည် ရွာတွေကိုလည်း စစ်ကြောင်းထိုးဝင်ရောက်တာ၊ ဖမ်းဆီးတာ၊ မီးရှို့တာတွေ ဆက်တိုက်လုပ်နေခဲ့ပါတယ်။
 
ဓာတ်ပုံ – DMG