ဗြိတိန်မှာ COVID-19 လူနာတွေအတွက် ပထမဆုံးအသက်ကယ်ဆေးအဖြစ် Dexamethasone ဆေးကို အတည်ပြု

၁၇ ၊ ဇွန်လ ၊ ၂၀၂၀ ။

ဗြိတိန်နိုင်ငံမှာ Dexamethasone ဆေးကို COVID-19 အရေးပေါ်လူနာတွေအတွက် အသက်ကယ်ဆေးအဖြစ် အသုံးပြုဖို့ ပထမဆုံးခွင့်ပြုလိုက်တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Dexamethasone ပမာဏအနည်းငယ်ပေးပြီး ကုသမှုက ပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်ပိုးကို တိုက်ဖျက်ရာမှာ ကြီးမားတဲ့ အထောက်အကူပြုတယ်လို့ ဗြိတိန်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ပုံမှန်အားဖြင့် Dexamethasone ဆေးကို ပန်းနာရင်ကျပ်ရောဂါ ၊ အဆစ်ရောင်ယမ်းတာနဲ့ ဦးနှောက်ရောင်ယမ်းတဲ့အခါ အသုံးပြုလေ့ရှိပါတယ်။

အဲဒီဆေးဟာ အသက်ရှုစက်တပ်ထားရတဲ့ COVID -19လူနာတွေရဲ့ အသက်သေဆုံးမှုနှုန်းကို သုံးပုံတစ်ပုံအထိ လျော့ချနိုင်ပြီး အောက်ဆီဂျင်ပေးထားရတဲ့ လူနာတွေရဲ့ အသက်သေဆုံးမှုနှုန်းကိုတော့ ငါးပုံတစ်ပုံအထိ လျော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် ရောဂါလက္ခဏာမပြင်းထန်တဲ့ လူနာတွေအတွက်တော့ ဒီဆေးက အထောက်အကူပြုမယ့်ပုံမရဘူးလို့လည်း သိရပါတယ်။

Dexamethasone ဆေးဟာ စျေးသက်သာပြီး အလွယ်တကူဝယ်ယူနိုင်တာကြောင့် COVID -19လူနာအရေအတွက် မြင့်တက်နေတဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေအတွက်တော့ အကျိုးများပါတယ်။

Dexamethasone ကို ၁၉၅၇ခုနှစ်က စတင်ဖော်စပ်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှာ ဆေးဝါးအဖြစ် တရားဝင်သုံးစွဲခွင့် ပြုခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးစာရင်း World Health Organization’s List of Essential Medicines ထဲမှာလည်း Dexamethasone ပါဝင်ပါတယ်။

အဲဒီဆေးကို ရေရှည်သုံးစွဲမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရိုးပါးတာ ၊ ကြွက်သားအားနည်းတာတွေ ခံစားရနိုင်ပြီး နို့တိုက်မိခင်တွေ မသောက်သုံးသင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေက ဖော်ပြထားပါတယ်။

လက်ရှိ တစ်ကမ္ဘာလုံးမှာ COVID -19ရောဂါဖြစ်ပွားသူပေါင်း ၈သန်းကျော်ရှိပြီး သေဆုံးသူ ၄သိန်းကျော်နဲ့ ပြန်လည်သက်သာသူ ၄သန်းကျော်ရှိပါတယ်။

Ref : BBC , wikipedia
Photo Credit : Reuters

Topic : #ဗြိတိန်#Dexamethasone#COVID-19#အသက်ကယ်ဆေး