ဆယ်ဆထက်မနည်း တိုးလာတဲ့စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများ

Photo – Pool

အောက်တိုဘာ၊ ၁၈

အာဏာသိမ်းယူပြီးနောက် စစ်အုပ်စုက နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့ လေ ယာဉ်လောင်စာဆီ၊တိုက်လေယာဉ်နဲ့ ဆက်စပ်နည်းပညာတွေပိုမိုတင်သွင်းခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တချို့က ကူညီပေးခဲ့ကြတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုရက်ပိုင်းအတွင်း ကုလသမဂ္ဂအစည်းအဝေးတရပ်မှာ ဝေဖန်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ အဲ့ဒီလို ဝေဖန်ပြောကြားနေချိန် အောက်တိုဘာ ၁၄ရက်ဟာ မ ကွေးတိုင်း ယောဒေသထဲက နေရာလေးခုကို စစ်ကောင်စီကတိုက်ပွဲမရှိဘဲ တရက်တည်းလေကြောင်း တိုက်ခိုက် ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ လားရှိုးမြို့အနီးက အီနိုင်းရွာနဲ့ လားရှိုးမြို့တွင်းလူနေရပ်ကွက်ထဲကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါသေးတယ်။

ကုလသမဂ္ဂပိတ်ကားထက်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းတယောက် စစ်ကောင်စီလေကြောင်းတိုက်ခိုက် မှုတွေ နဲ့ပတ်သက်ပြီး သံတမန်ရေးရာအရတိုက်ပွဲဝင်နေချိန်မှာပဲ မြန်မာနိုင်ငံထဲက ဒေသတချို့မှာတော့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံး ၊ထိခိုက်မှုနဲ့ ပျက်စီးမှုတွေကြုံခဲ့ကြရတာပါ။

မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု၊တိုက်လေယာဉ်တင်ပို့မှုမလုပ်ဖို့နဲ့ အရေးယူမှုုတွေလုပ်ပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ မေတ္တာရပ်ခံခဲ့ပေမယ့် တချို့နိုင်ငံတွေက တုံ့ပြန်မှုတောင် မရှိခဲ့ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အခုနှစ်ကုန်ပိုင်းကာလတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ငါးဆကျော်အထိ တိုးလာ တယ်လို့လည်း မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့အခြေအနေကို ဦးကျော်မိုးထွန်းက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းချိန်နဲ့ လက်ရှိကာလကြား အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြခဲ့တာထက်ကို ပိုများလာ ဦးမှာပါ။

အာဏာစသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီကနေ နှစ်ကုန်အထိ ၁၁လအတွင်း စစ်ကောင်စီဟာ  ပျမ်းမျှ လေးရက်ကို အ နည်းဆုံး တကြိမ် နှုန်းနဲ့ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု၈၅ ခုလောက်လုပ်ဆောင်ခဲ့တယ်လို့ ဥာဏ်လင်းသစ် အဖွဲ့ရဲ့ သုတေသနအချက်အလက်တွေက ဖော်ပြပါတယ်။

အခုနှစ်ဆန်းကနေ ဩဂုတ်လအထိ ရှစ်လအတွင်းမှာတော့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေဟာ ပျမ်းမျှ တရက်ကို အနည်းဆုံး ခုနစ်ကြိမ်နှုန်းအထိ တိုးမြင့်လာပြီး လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း ၁၆၃၉ခုအထိ ပြုလုပ် ထားပါတယ်။

အခုနှစ်ရှစ်လအတွင်းစာရင်းတွေအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ရှစ်ရာကျော်သေဆုံးကာ ၁၅၀၀ကျော် ဒဏ်ရာရခဲ့ကြပြီး ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်တွေနဲ့ တခြား အရပ်ဘက် အများပြည်သူဆိုင်ရာ အဆောက်အအုံပျက်စီးမှုတွေလည်းရာချီရှိနေတယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။

“(စစ်ကောင်စီက)တိုက်ပွဲတွေစစ်ပွဲတွေမှာတပွဲပြီးတပွဲ ရှုံးနေတာဖြစ်တဲ့အတွက် သူတို့ရဲ့ တခုတည်းသော အားသာ ချက် ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးတော့ လုပ်လာတာ”လို့ ဥဏ်လင်းသစ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိ သူ ကိုမိုးထက်နေက သူ့အမြင်ကိုပြောပါတယ်။

ခေတ်အဆက်ဆက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုကိုအသုံး ပြုခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာတော့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းစတဲ့အညာဒေသတွေမှာပါ လေကြောင်း ပစ်ကူကို အလွန်အမင်းမှီခိုအသုံးပြုနေရပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထိန်းချုပ်ရာရှမ်းမြောက်၊ ရခိုင်တို့အပါအဝင်စစ်ကောင်စီတပ်စိုးမိုး ထားမှုမရှိတော့တဲ့ ဒေသတွေကိုလည်း နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။

အချက်အလက်တွေအရ နွေဦးတော်လှန်ရေးကာလ တနှစ်ထက်တနှစ် တော်လှန်ရေးအင်အားစုတွေ စိုးမိုး၊ ထိန်း ချုပ်တဲ့ ဒေသမြင့်တက်လာနဲ့အမျှ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း လိုက်ပါမြင့်တက်နေတာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ၁၁လ အတွင်း ပျမ်းမျှလေးရက်ကို အနည်းဆုံးတကြိမ်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး အ ရပ်သား ခြောက်ဆယ်ကျော်သေဆုံးစေခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၂၂ခုနှစ်မှာတော့ ပျမ်းမျှတရက်ကိုအနည်းဆုံးတ ကြိမ်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဥာဏ်လင်းသစ်ရဲ့အချက်အလက်တွေက ဖော်ပြပါတယ်။

အာဏာသိမ်းကာလ ဒုတိယနှစ်လည်းဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ အတည်ပြုနိုင်တဲ့စာရင်းတွေအရ လေကြောင်းတိုက် ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သား ၂၆၀ဦးအထိရှိလာပါတယ်။ ပထမနှစ်ထက် လေးဆကျော် တိုးမြင့်လာတာဖြစ်ပါတယ်။

၂၀၂၂ခုနှစ်ဟာ အနန့်ပါ ဗုံးကြဲခံရမှုနဲ့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း စီးနင်းပစ်ခတ်ခံရမှုလို လူသိများပြီး ကြေကွဲဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တဲ့နှစ်ပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေတိုးလာချိန် ၁၀၂၇ စစ်ဆင်ရေးလည်း စတင်ပေါ်ပေါက်လာတဲ့ ၂၀၂၃ခုနှစ်မှာတော့ စစ်ကောင်စီက တရက်ကိုပျမ်းမျှ အနည်းသုံးကြိမ်အထိ လေကြောင်းတိုက်ခိုက်မှုတွေထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။

အနန့်ပါ၊လက်ယက်ကုန်းဖြစ်စဉ်တွေနဲ့ လပိုင်းသာခြားတဲ့ ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၃ ဧပြီလလယ် မြန်မာနှစ်သစ်ကူးကာလထဲမှာဖြစ်ခဲ့တာပါ။ စုစုပေါင်း လူ၁၇၀ကျော်သေဆုံးတဲ့ ဒီဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေးထဲက အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို လပိုင်းအတွင်းဆက်တိုက်ဆိုသလို မြို့တွေလက်လွှတ်ခဲ့ရစေတဲ့ ၁၀၂၇ စစ်ဆင်ရေးလည်းရှိလာတဲ့ ၂၀၂၃ခုနှစ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ပျမ်းမျှတရက်ကို အနည်းဆုံးသုံးကြိမ်အထိ ရှိလာပါပြီ။

တနှစ်အတွင်း စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၂၀၀ကျော်ပြုလုပ်ကာ ပြည်သူ ခြောက်ရာကျော်ကို သေဆုံး စေခဲ့တယ်လို့ ဥာဏ်လင်းသစ်အဖွဲ့က ပြောပါတယ်။ ဒီသုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူကတော့  လူကိုးရာနီးပါးပါ။

လက်ရှိ ၂၀၂၄ခုနှစ်မှာတော့ ဩဂုတ်လကုန်အထိ ရှစ်လအတွင်းမှာတင် ပျမ်းမျှတရက် အနည်းဆုံးခုနစ်ကြိမ်နှုန်းနဲ့ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၆၀၀ ကျော်ပြုလုပ်ကာ လူပေါင်း ရှစ်ရာကျော်အထိသေဆုံးစေခဲ့ပြီးပြီလို့ စောင့်ကြည့်မှုအချက်အလက်တွေကဖော်ပြပါတယ်။

ရမခ ဌာနချုပ်အခြေစိုက် လားရှိုးမြို့အပါအဝင် ရှမ်းမြောက်မြို့တွေနဲ့ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းတို့ထဲက မြို့တ ချို့ပါ သိမ်းပိုက်ခံရတဲ့နောက် လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုမရှိတဲ့နေ့ရယ်လို့ မရှိတော့ သလောက်ပါ။

“မြေကျန်ရင် ရပြီ”လို့ စစ်အုပ်စုလော်ဘီတွေက ကြွေးကြော်လေ့ရှိသလို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင် လှိုင်ကလည်း ကမ္ဘာသိ ဖွင့်ဟခြိမ်းခြောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ကျူးလွန်နေတာဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကို မထောက်ခံရဲအောင်၊ အားမပေးရဲအောင် ခြိမ်းခြောက်တဲ့အနေနဲ့ စစ်ရှောင်စခန်းတွေ နောက်တခါတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာက အရပ်သားတွေ၊ နောက်တခါ ဆေး ရုံတွေ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အအုံ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကို တွေ့ရပါတယ်”လို့ ဥာဏ်လင်းသစ်အဖွဲ့က တာဝန်ရှိသူ ကိုမိုးထက်နေက သူတို့ လေ့လာထားတဲ့အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း လက်ရှိမြန်မာနိုင်ငံမှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အသက်ဆုံးရှုံးမှုနဲ့ တခြားပျက်စီးဆုံးရှုံးနေရမှုတွေဟာ ပုံမှန်လိုဖြစ်လာနေတယ်လို့ ကုလမှာပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေမြင့်တက်လာချိန် အစော ပိုင်းကာလတွေကတည်းက မပျံသန်းရဇုန်သတ်မှတ်ပေးရေး၊ လေယာဉ်ဆီ၊ တိုက်လေယာဉ်နဲ့ ဆက်စပ်နည်းပညာ၊ ကိရိယာတွေ တင်သွင်းမှုရပ်တန့်ဖို့ တောင်းဆိုးမှုတွေမျိုးစုံရှိခဲ့တာပါ။

ဒါပေမယ့် ပုံစံမျိုးစုံနဲ့ အဲ့ဒီတောင်းဆိုမှုတွေဟာ အခုအထိတော့ အရာမထင်လာသေးပါဘူး။

“လူတွေဘယ်လောက် ထပ်သေပေးရဦးမလဲ”ဆိုတဲ့ စာသားကိုင်ပြီး ရန်ကုန်က ကုလရုံးရှေ့မေးခွန်းထုတ်ခဲ့ပေ မယ့် စစ်ကောင်စီဟာ အတားအဆီးမရှိ လက်နက်မဲ့ဆန္ဒပြသူအများအပြားကို သတ်ဖြတ်၊ ဖမ်းဆီးခွင့်ရခဲ့သလို အခွင့်အရေးမျိုး ဆက်ပြီးရနေတုန်းပါပဲ။

“မြေပြင်မှာ ထိတွေ့မှုဖြစ်တာက ဖြစ်တာပဲ၊ ဘာမှမဆိုင်တဲ့ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေက စစ်ရေးပစ် မှတ် မှမဟုတ်တာဗျာ”လို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က စစ်ကောင်စီကိုဝေဖန်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် နိုင်ငံတကာက နိုင်ငံရေး၊ စစ်ရေးအရ ပိတ်ဆို့အရေးယူမှုတွေ လုပ် လာ တာရှိပေမယ့် လေယာဉ်၊လေယာဉ်အပိုပစ္စည်းနဲ့ လက်နက်၊ နည်းပညာတွေရောင်းချပေးနေဆဲ နိုင်ငံတွေလည်း ဆက်ရှိနေတာဟာ စိတ်ပျက်စရာလို့ ဥာဏ်လင်းသစ်အဖွဲ့က ကိုမိုးထက်နေကဆိုပါတယ်။

“စစ်ပွဲမှာပါဝင်ပတ်သက်ခြင်းမရှိတဲ့လက်နက်မဲ့အရပ်သားတွကို သတ်ဖြတ်တာ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို စစ်ရေးပစ်မှတ်အဖြစ်သဘောထားတိုက်ခိုက်တာ၊ နောက်ပြီး လူ သားဒိုင်းအဖြစ်လုပ်တာမျိုးတွေ ဒါမျိုးတွေလုပ်လို့မရဘူးဆိုတာ ဘယ်စစ်ပွဲနဲ့မဆိုသက်ဆိုင်တဲ့စည်းမျဥ်းပဲ” လို့သူက မှတ်ချက်ပြုပါတယ်။