မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်မယ်လို့ ကင်ဂျုံအန်းပြော

စက်တင်ဘာ၊ ၁၀

မြောက်ကိုရီးယားဟာ ခန့်ညားလေးစားလောက်စရာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အရေအတွက်မျိုးထိ စုဆောင်းသွားမယ်လို့ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။

 စက်တင်ဘာလ ၉ ရက်နေ့တုန်းက မြောက်ကိုရီးယား နိုင်ငံ ထူထောင်မှု နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းမှာ ကင်က အခုလို ပြောကြားခဲ့တာလို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ခန့်ညား လေးစားလောက်စရာ နျူကလီးယား လက်နက်နိုင်ငံ တစ်ခုကို ထူထောင်နိုင်ရေးအတွက် မူဝါဒတွေ ချမှတ် ဆောင်ရွက်နေသလို နျူကလီးယား လက်နက် အရေအတွက်ကိုလည်း ချဲ့ထွင်သွားဖို့ စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နဲ့ နောက်လိုက်နောက်ပါ နိုင်ငံတွေဟာ မြောက်ကိုရီးယားအပေါ် အချိန်ပြည့် ရန်လို ခြိမ်းခြောက်နေတာကြောင့် အဲဒီ စိန်ခေါ်မှုတွေကို တွန်းလှန်ဖို့ နိုင်ငံမှာ ခိုင်မာတောင့်တင်းတဲ့ စစ်လက်နက် အင်အားမျိုး လိုအပ်တယ်လို့လည်း ကင်က ဆက်ပြောပါတယ်။

နောက်ပြီး မြောက်ကိုရီးယားဟာ ကိုရီးယား ကျွန်းဆွယ် တဝိုက် ဒေသမှာ မြောက်ကိုရီးယားကို ခြိမ်းခြောက်လာမယ့် စစ်မဟာမိတ် အင်အားစု တခုကို စုစည်းတည်ဆောက်နေပြီး အဲဒီအခြေအနေကို ပေါ့ဆလို့ မရဘူးလို့လည်း ကင်က ဆိုပါတယ်။

သူက နျူကလီးယား လက်နက်တွေကို အရေအတွက် ဘယ်လောက်ထိ ပိုင်ဆိုင်ဖို့ မျှော်မှန်းထားသလဲ ဆိုတာကိုတော့ အတိအကျ မှတ်ချက် ပေးမသွားခဲ့ပါဘူး။

တောင်ကိုရီးယားရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ မူဝါဒရေးရာ ဒုတိယ ဝန်ကြီး ချိုချန်ရေအပြင် အမေရိကန်နဲ့ ဂျပန် ဒုတိယ ကာကွယ်ရေး ဝန်ကြီးတွေကတော့ လတ်တလော မြောက်ကိုရီးယားက နျူကလီးယား စစ်လက်နက် စနစ်တွေနဲ့ ပတ်သက်လို့ သယ်ယူပို့ဆောင်မှု၊ စမ်းသပ်မှု စနစ်တွေ၊ ဒုံးကျည် ပစ်ခတ်မှုတွေ လက်တွေ့ လုပ်ဆောင် လေ့ကျင့်လာတာကို ရှုတ်ချကြောင်း အသီးသီး ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်နဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံတွေ့နေတဲ့တိုင် ကင်ကတော့ နိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် နည်းပညာတွေကို မြှင့်တင်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေတာ ဖြစ်ပါတယ်။

Ref: CNA