စက်တင်ဘာ၊ ၆
ကရင်နီ(ကယား)ပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းတခုနဲ့ တရုတ်-မြန်မာ နယ်စပ် နမ့်ခမ်းမြို့တို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ မနေ့ညပိုင်းနဲ့ မနက်အစောပိုင်းတို့မှာ လေကြောင်းကဗုံးကြဲတိုက် ခိုက်တာကြောင့် ကလေးတွေအပါအဝင် နှစ်ဆယ်ဦးဝန်းကျင် သေဆုံးသွားတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်း တအာင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ် ထားတဲ့ နမ့်ခမ်းမြို့ထဲကို စစ်ကောင်စီက မနေ့ည သန်းခေါင်းကျော် ဒီကနေ့မနက်အစောပိုင်းမှာ ပေါင်ငါးရာဗုံး နှစ်လုံး ကြဲချ ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် ၁၁ဦး သေဆုံးသွားတယ်လို့ TNLA က ထုတ်ပြန်အသိ ပေးထားပါတယ်။
စစ်ကောင်စီဟာ နမ့်ခမ်းမြို့ညဈေးအနီးက နေအိမ်တွေနဲ့ ကျားဖြူခမ်းမအနီးတို့ကို ဗုံးကြဲချခဲ့တာဖြစ်ပြီး သေဆုံး သူ တွေထဲ ကလေးနှစ်ဦး၊ကိုယ်ဝန်ဆောင်တဦးအပါအဝင် အမျိုးသမီး လေးဦး၊အမျိုးသားငါးဦးပါဝင်တယ်လို့ သိရပါ တယ်။
တရုတ်နယ်စပ်က နမ့်ခမ်းမြို့ကို TNLA အပြီးသတ်ထိန်းချုပ်နိုင်ပြီးနောက် အခုလေကြောင်းတိုက်ခိုက်မှုဟာ ပထမ ဆုံးအကြိမ်ဖြစ်တယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
၁၀၂၇ဒုတိယလှိုင်းနဲ့ ရှမ်း-မန်း စစ်ဆင်ရေး တွေအတွင်း စစ်ရေးရှုံးနိမ့်မှုတွေရှိနေတဲ့ စစ်ကောင်စီနဲ့ TNLA ပူးပေါင်း တပ်တွေဟာ လတ်တလောမှာ စစ်ရေးအရ အရေးပါတဲ့ နောင်ချိုမြို့နယ် တောင်ခမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီလို တိုက်ပွဲပြင်းထန်နေချိန် တိုက်ပွဲတွေရပ်ဖို့ တရုတ်ဘက်က TNLA ကိုဖိအားပေးလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားသလို စစ်ကောင်စီကလည်း TNLA ထိန်းချုပ် မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်က TNLA ထိန်းချုပ်မြို့တွေဖြစ်တဲ့ မန်တုံနဲ့ နမ့်ခမ်း၊သီပေါတို့ကိုအခုလ ၃ရက် ၊၄ရက်နဲ့ ၅ရက်တို့မှာ သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စုစုပေါင်းသေဆုံးသူ တဒါဇင်ထက်မ နည်းရှိ လာပြီး ဒဏ် ရာရသူ သုံးဦးထက်မနည်းရှိနေပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေအတွင်း စစ်ရေးတင်းမာမှုတွေရှိနေချိန် ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံ မြို့နယ်ထဲက စစ်ရှောင် စခန်းတခုကိုလည်း စစ်ကောင်စီက မနေ့ည ကိုးနာရီဝန်းကျင်မှာ လေယာဉ်နဲ့ဗုံးကြဲ တိုက် ခိုက်တာကြောင့် ကလေးခြောက်ဦးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသခံသတင်း ရင်းမြ စ်တွေက ပြောကြပါတယ်။
မိုးဗြဲမြို့နယ်နဲ့လည်း ထိစပ်ကာ ဖယ်ခုံမြို့နယ်ထဲမှာပါဝင်တဲ့ဒေသက “ဘန်ကောက်”စစ်ရှောင်စခန်းကို စစ်ကောင် စီက တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး တလုံးက စစ်ရှောင်စခန်းအစွန်ဘက်ကိုကျရောက်ကာ တလုံး ကတော့ စစ်ရှောင်မိသားစုနေအိမ်တအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု(PKPF)အဖွဲ့က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးခြောက်ဦးဟာ ၃တန်းကနေ ၁၁တန်းအထိ ကျောင်းသား ၊ကျောင်းသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။PKPF အဖွဲ့ရဲ့ မြေပြင်စာရင်းတွေအရ ဘန်ကောက်စစ် ရှောင်စခန်း ဗုံးကြဲခံရမှုအတွင်း နေအိမ်နှစ်ဆယ်လုံးနဲ့ အထက် ထိခိုက်ပျက်စီးတယ်လို့လည်းဖော်ပြပါတယ်။
ဖယ်ခုံမြို့နယ်မှာ လတ်တလော ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်နေတာမရှိပေမယ့် အာဏာသိမ်းစစ်ခေါင်း ဆောင် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကိုသွားရောက်ခဲ့ပြီးနောက် ဒေသတွင်းမှာအခုလို လေကြောင်း တိုက်ခိုက် မှု ပေါ်ပေါက်လာ တာဖြစ်ပါတယ်။