သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ  သိမ်းပိုက်၊ ဒုဗိုလ်မှူးကြီးတဦးကိုဖမ်းဆီးရမိ

Photo – အမှတ် (၁) စစ်ဒေသ

သြဂုတ် ၊ ၂၆ 

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်သပိတ်ကျင်းမြို့ကို တပတ်ကျော်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၂၅ ရက်၊ မနေ့ ကမနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က အောင်မြင်စွာ  သိမ်းပိုက်နိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ 

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ရဲ့ မြောက်ဘက် မိုင်လေးဆယ်ခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ သပိတ်ကျင်းမြို့ပေါ်နဲ့ အနီးတဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို သြဂုတ်လ ၁၇ ရက်နေ့ကတည်းက တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်ဆင်ခဲ့တာပါ။ 

ထိုးစစ်ဆင်ပြီး နှစ်ရက်အကြာ သြဂုတ် ၁၉ ရက်နေ့ကတည်းက မြို့ကို တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့ပေါ်ကနေဆုတ်ခွာသွားပြီး မြို့ဦးတောင်စေတီမှာ တပ်ချနေထိုင်တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ 

သပိတ်ကျင်းမြို့ပေါ်နဲ့ အနီးတဝိုက်မှာတော့ သိပ္ပံနှင့် နည်းပညာသုတေသနတပ်(သနတ) ၁၊ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၂၊ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက) တို့က စစ်ကောင်စီတပ်တွေနဲ့ ရဲ၊ ပျူစောထီးအင်အား ၁၃၀ လောက် အခြေချထားခဲ့တာလို့ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေဘက်ကတော့ ပြင်ဦးလွင်ခရိုင် ကွပ်ကွဲရေးရုံးရဲ့ ကွပ်ကဲမှုနဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး စိုးမင်းသူကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပြီး တခြားအဆင့် စစ်သုံ့ပန်းတွေ ဖမ်းဆီးရမှုအခြေအနေကိုတော့ မဖော်ပြထားပါဘူး။ 

ဒါ့အပြင် လက်နက်မျိုးစုံ ၆၈ လက်၊ ကျည် နှစ်သောင်းနီးပါးနဲ့ တခြား စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း တပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်ကတော့ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲအတွင်း ဂျက်ဖိုက်တာနဲ့ ဗုံးအလုံးရေ ခုနစ်ဆယ်ကျော်၊ Y 12 လေယာဥ်နဲ့ ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို Mi 35 ရဟတ်ယာဥ်နှစ်စီးနဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

အလားတူပဲ သပိတ်ကျဥ်းမြို့ရဲ့ မြောက်ဘက် မိုင်ငါးဆယ်လောက်အကွာမှာရှိတဲ့ တကောင်းမြို့ကိုလည်း အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ သြဂုတ်လ ၁၂ ရက်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။