ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့

Photo – Social Media

ဩဂုတ်၊ ၁၉

လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်ဆောင်နေကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ကို World Humanitarian Day လို့ ကမ္ဘာကြီးက သတ်မှတ်ထားပါတယ်။

World Humanitarian Day ဆိုတာ ကမ္ဘာ့ လူသားခြင်းစာနာထောက်ထားမှု့နေ့လို့ အဓိပ္ပါယ်ရပါတယ်။

၂၀၂၃ ခုနှစ်ဟာ လူသားခြင်းစာနာထောက်ထားမှု အကူညီပေးသူတွေ အသေအပျောက် အများဆုံးနှစ် ဖြစ်တယ်လို့ UN က ထုတ်ပြန်ထားပါတယ်။

ဒီလူတွေထဲက အများစုဟာ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ နိုင်ငံတွေမှာ ကူညီပေးနေတဲ့သူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၀၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်ရှိတဲ့ Canal Hotel ကို ဗုံးခွဲတိုက်ခိုက်ရာမှာ  အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Sergio Vieira de Mello အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်သား ၂၂ ဦး သေဆုံးခဲ့ရပါတယ်။

ဒါကို အစွဲပြုပြီး ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံက ၂၀၀၈ ခုနှစ်မှာ WHD နေ့ကို သတ်မှတ် အတည်ပြုပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ တိကျတဲ့ စစ်တမ်းကောက်ယူထုတ်ပြန်ထားမှုတွေ မရှိသေးပေမယ့် ဖမ်းဆီးထောင်ချခံရသူတွေ၊ စစ်ကောင်စီရဲ့ ဦးတည်တိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးသွားခဲ့ကြသူတွေလည်း ရှိပါတယ်။

Save the Children က ဝန်ထမ်း ၂ ဦးအပါအဝင် စစ်ရှောင် ၃၀ ထက်မနည်းပါဝင်တဲ့ ကားကို စစ်ကောင်စီက ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ကားပေါ်မှာပါလာသူတွေ အကုန်လုံး သေဆုံးသွားခဲ့ရတဲ့ ဒီဖြစ်စဉ်ဟာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေကြတဲ့သူတွေအတွက် စိန်ခေါ်မှု တခုလိုဖြစ်လာခဲ့ပါတယ်။

တကယ်တော့ Save the Children လို နိုင်ငံတကာ အဖွဲ့အစည်းကြီးတခုက ဝန်ထမ်းတွေပါဝင်နေလို့ ကျယ်ကျယ်ပြန့်ပြန် ဖြစ်သွားရတဲ့ ဒီဖြစ်ရပ်ဆိုး မတိုင်ခင်မှာလည်း မြန်မာနိုင်ငံတွင်း ပရဟိတ လို့ခေါ်ဆိုကြတဲ့ လူသားခြင်းစာနာထောက်ထားမှု အကူညီတွေပေးနေတဲ့ သူတွေဟာ မလုံခြုံမှုတွေ၊ စိန်ခေါ်မှုတွေ ရှိနေခဲ့တာပါ။

နွေဦးတော်လှန်ရေးအစမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုတွေ ပြုလုပ်တဲ့အခါ ပရဟိတ သမားတွေက ထိခိုက်ဒဏ်ရာတွေအတွက် စောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင် CDM လှုပ်ရှားမှုကိုထောက်ခံခဲ့ကြပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ရပ်တည်ခဲ့ကြပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် ပရဟိတ လုပ်ငန်းတွေမှာ နာမည်ကြီးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)လိုမျိုး အသင်းကြီးရဲ့ ရုံးခန်းကိုဝင်ရောက်စီးနင်းခဲ့ပြီး စေတနာ့ဝန်ထမ်းတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုနည်းတူ ဆရာမ ဒေါ်သန်းမြင့်အောင်နဲ့ Nature AIDS Center (N.A.C) ဂေဟာက ကိုရာဇာတို့ကိုလည်း ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပက အဝိုင်းမှတ်တိုင်မှာ စစ်ကောင်စီတပ်တွေက ပရဟိတ သမားတွေကို သေနတ်ဒင်တဲ့ ထုပြီး အကြမ်းဖက်ရိုက်နှက်တဲ့ ရုပ်သံဖိုင်ဟာလည်း ငြင်းမရတဲ့ သက်သေတခုဖြစ်လာခဲ့ပါတယ်။

ဆန္ဒပြမှုဖြစ်စဉ်တွေထဲမှာ ပရဟိတသမားတွေ အများကြီး အဖမ်းခံခဲ့ရပြီး တချို့ကလည်း ရက်အနည်းငယ် အတွင်းမှာ ပြန်လည်လွတ်မြောက်လာတာမျိုးတွေ ရှိသလို အဖွဲ့ဖျက်ပြီး တိမ်းရှောင်ရတာတွေ၊ ပရဟိတ ဆက်မလုပ်တော့တာတွေ ရှိလာခဲ့ပါတယ်။

လူထုတရပ်လုံးထွက်လာတဲ့ ဆန္ဒပြမှုတွေ ရပ်တန့်သွားပြီး ကိုဗစ် ကူးစက်မှုတွေ ပြင်းထန်လာတဲ့ ဇွန်၊ ဇူလိုင်လတွေမှာလည်း ကိုဗစ်လူနာတွေကို ကူညီမှုတွေ လုပ်ပေးနေတဲ့ ပရဟိတသမားတွေ ရိုက်နှက်ဖမ်းဆီးခံရတာတွေ ရှိပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်နေတာ မဟုတ်ဘဲ လူနာတွေအတွက်လိုအပ်တဲ့ အကူညီတွေကိုပေးနေတဲ့ သူတွေကို ပရတသမားမှန်း သိသိကြီးနဲ့ ဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရသူ ကာယကံရှင်တွေက ယူဆကြပါတယ်။

CDM လုပ်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ စေတနာဝန်ထမ်းတွေ၊ ကူညီစောင့်ရှောက်ပေးနေသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်ထားတာကြောင့် မြန်မာနိုင်ငံရဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် အဆပေါင်းများစွာ ဆိုးဝါးခက်ခဲခဲ့ပါတယ်။

UN ရဲ့ ထုတ်ပြန်ချက်အရ လူသားခြင်းစာနာထောက်ထားမှု အကူညီရရှိဖို့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာက ၁၈ သန်းကျော်နဲ့ တတိယနေရာမှာရှိနေပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေး အားကောင်းပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့ ဒေသအများစုကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူညီရောက်ရှိနိုင်မှုကလည်း ခက်ခဲနေပါတယ်။

ဖြတ်လေးဖြတ် စနစ်ကိုကျင့်သုံးပြီး ဆက်သွယ်ရေးနဲ့ ဆေးဝါး၊ ရိက္ခာတွေကိုပါ ဖြတ်တောက်ထားခံရတဲ့ ဒေသတွေအတွက် အဓိက ကူညီဆောင်ရွက်နေကြသူတွေဟာ ပရဟိတသမားတွေသာ ဖြစ်ကြပါတယ်။

သူတို့ဟာ ဝန်နဲ့အား မမျှပေမယ့် ရနိုင်သမျှစွမ်းအားတွေသုံးပြီး အန္တရာယ်ကြားက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကတော့ World Humanitarian Day အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကတော့ “ UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီလိုအခြေအနေတွေကို သိလျက်နဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မရှာဖွေဘဲ တကယ်လိုအပ်တဲ့ ဒုက္ခသည် ပြည်သူတွေဆီ အကူအညီတွေ ရောက်အောင် ပေးနိုင်မယ့် နည်းလမ်း အသစ်တွေ မဖော်ထုတ်ဘဲ ဒီလိုပဲ ဆက်နေရင်တော့ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ သူတို့ကို ထိထိရောက်ရောက် အကူအညီပေးမယ့်သူတွေကို ပိုမိုဆိုးရွားတဲ့ အခြေအနေရောက်အောင် တွန်းပို့နေသလို ဖြစ်နေမှာပါ” လို့ ၂၀၂၃ ခုနှစ်မှာ ကျရောက်ခဲ့တဲ့ World Humanitarian Day မှာ ဝေဖန်မှုပြုခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ရန်သူမျိုးငါးပါးဒဏ်ကို တပြိုင်တည်းခံစားနေရတဲ့ မြန်မာပြည် လူထုအတွက် လူသားခြင်းစာနာထောက်ထားခြင်း ဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ ပရဟိတ သမားတွေဟာ တန်ဖိုးရှိတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။

ဒါကြောင့် ဆောင်းပါးရှင်အနေနဲ့ DNA က တဆင့် ဒီကနေ့ ကျရောက်တဲ့  World Humanitarian Day မှာ မြန်မာနိုင်ငံက ပရဟိတ စေတနာရှင်တွေကို အလေးအမြတ်ထား ဂုဏ်ပြုလိုက်ရပါကြောင်း…….။