ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေထိန်းချုပ်၊Non-CDMတွေနဲ့မိသားစုဝင် တရာကျော်ကို မြို့ထဲမှာပဲ ထိန်းသိမ်း ထားတယ်လို့ဆို

Photo – ဂဠုန်တပ်တော်/စစ်ကိုင်းတိုင်းပကဖ

ဩဂုတ် ၊ ၁၈

သုံးရက်ကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်းက ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက ဒီ ကနေ့မနက်ပိုင်းကစလို့ ထိန်းချုပ်ထားလိုက်နိုင်ပြီး ပျူစောထီးနှစ်ဦးအပါအဝင် Non-CDMဝန်ထမ်းနဲ့ မိသား စုဝင် စုစုပေါင်း ၁၂၀ကျော်ကို မြို့ထဲမှာပဲကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ ကာ ကွယ်ရေး အဖွဲ့ကပြောပါတယ်။

ဒီပဲယင်းမြို့ကို ဒီကနေ့ မနက် ၇နာရီဝန်းကျင်မှာ တော်လှန်ရေတပ်တွေ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ရေဦးမြို့ဘက် ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို ထိထိရောက်ရောက်ဟန့်တားနိုင်ခဲ့ကာ ဆက်လက်တိုက်ခိုက် နေဆဲဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း ပကဖက အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူတွေ ထွက်ပြေးသွားကြတာရှိသလို အလံဖြူထောင်လက်နက်ချပူး ပေါင်းလာသူတွေလည်းရှိတယ်လို့ဆိုထားပေမယ့် လက်ရှိတော်လှန်ရေးတပ်က ထိန်းသိမ်းထားတယ်ဆိုတဲ့ စာ ရင်းမှာတော့ ပျူစောထီးနှစ်ဦးသာပါဝင်ကာ ကျန်တဲ့ ၁၂၀ကျော်က Non-CDM ဝန်ထမ်း ၄၁ဦး မိသားစုဝင်ရှစ် ဆယ်ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

မုံရွာမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့မိုင်လေးဆယ်ဝန်းကျင်အကွာမှာရှိတဲ့ ဒီပဲယင်းမြို့မှာ ဩဂုတ် ၁၅ရက်ကတည်းက စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီ က ရေဦးမြို့ဘက်ကနေ စစ်ကူတပ်တွေလွှတ်ခဲ့ပေမယ့် မြို့ကိုတော်လှန်ရေးတပ်တွေထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ကိုင်းတိုင်းအတွင်းအခြေစိုက်ပြီး စစ်ကောင်စီတော်လှန်တိုက်ခိုက်နေတဲ့ 96 soldiers PDF(အညာဒေသ) တပ်ဖွဲ့က ကိုဇေယျာလွင်ကလည်း ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

“အဖွဲ့အားလုံးရဲ့စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းနိုင်ခဲ့ တဲ့မြို့ ပါ” လို့သူကဆိုပါတယ်။

ဒါပေမဲ့ တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလက်တွေကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေး ဘူးလို့ သူက DNAကိုပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့နှစ်ရက်အတွင်း ဒီပဲယင်းမြို့ပေါ်နဲ့အနီးတဝိုက်ကို ဂျက်ဖိုက်တာ၊Y-12၊MI-35 တွေနဲ့ လေ ကြောင်းတိုက်ခိုက်မှု ၂၃ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေကပြောထားပါတယ်။

ဒီပဲယင်းမြို့ပေါ်နဲ့ ရေဦး-ဒီပဲယင်းမြို့ကြားမှာ တိုက်ပွဲပြင်းထန်နေချိန်အတွင်း ရေဦးဘက်ကနေလာတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းကြောင့် နှစ်မြို့နယ်ထိစပ်ကျေးရွာတွေက ဒေသခံ ငါးထောင်ဝန်းကျင်လောက် ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့လည်း စစ်ရှောင်တွေကိုကူညီနေသူတွေက DNAကိုပြောပါတယ်။

“အဓိကက မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းက ခဏခဏလာပစ်လို့ ရှောင်နေကြရတာဗျ”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အလားတူ ဒီကနေ့မနက်မှာပဲ ခင်ဦးမြို့နယ်ထဲက မဒေါင်းလှပျူစောထီးကျေးရွာတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီက အဲ့ဒီရွာအနီးတဝိုက်ကျေးရွာတွေကို MI-35 နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်တာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

၂၀၀၃ ခုနှစ်က ကြည်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာတဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာကျော် ခဲ့တဲ့ ဒီပဲယင်းမြို့နယ်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုအားကောင်းတဲ့ ဒေသတခုဖြစ်လာပြီး စစ်ကောင်စီတပ်တွေလက်ချက်နဲ့ တနိုင်ငံလုံးမှာ နေအိမ်အများဆုံး မီးရှို့ခံထားရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ ရေဦး၊ခင်ဦး၊ရွှေဘိုစတဲ့ မူးမြစ်ဝှမ်းဒေသ မြို့နယ်တွေနဲ့ထိစပ်နေသလို စစ်ကောင်စီရဲ့ နမခ ဌာ နချုပ် အခြေစိုက်ရာမုံရွာမြို့နဲ့လည်း ဘုတလင်နယ်သာခြားပြီး ရေဦး-မုံရွာ လမ်းပေါ်မှာ ရှိနေတာဖြစ်ပါတယ် ။ ဒီပဲယင်းမြို့နယ် တောင်ဘက် ဘုတလင်မြို့နယ်နဲ့ အစပ်မှာတော့ စစ်ကောင်စီရဲစခန်းရှိတဲ့ စိုင်ပြင်ကြီးဒေသ ရှိနေ ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းမှာ ကောလင်း၊ခမ်းပတ် ၊ရွှေပြည်အေး၊မော်လူး ၊မြို့ သစ်မြို့ စတဲ့ ဒေသတွေကိုတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အဲ့ဒီအထဲက ကောလင်း မြို့ကိုတော့ လပိုင်းအကြာမှာ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။